စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 22, 2008

ကဏန်းရန်ကြောင့် လယ်သမားများ စပါးပျိုးမအောင်မြင်


NEJ/ ၂၁ ဇူလိုင် ၂၀၀၈

ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်အတွင်းမှ ရွာများရှိ လယ်မြေများတွင် ပျိုးကြဲထားသည့် မျိုးစပါးများကို ပင်လယ်ကဏန်းများ ဖျက်ဆီးသဖြင့် ပျိုးမအောင် ဖြစ်ကြရကြောင်း ဒေသခံရွာသားများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒေသအခေါ် ပဲလှော်လို့ခေါ်တဲ့ ပင်လယ်ကဏန်းတွေက စပါးစေ့တွေကို လက်မနဲ့ ပိုင်းပြီး ဖျက် တယ်လေ၊ စပါးစေ့တွေ ကြဲထားသလောက် အပင်မပေါက် ဖြစ်ရတယ်၊ ဒါကြောင့် မျိုးမအောင် ဖြစ်ရတယ်။ ဒီကဏန်းတွေက မုန်တိုင်းကာလမှာ ပင်လယ်ရေနဲ့ ပါလာတာတွေ၊ နှိမ်နင်းလို့ မရလို့ ခက်နေတယ်” ဟု ဒေးဒရဲမြို့နယ်မှ ရွာသားတဦးက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် စပါးများ ရေစိုပျက်စီးကုန်သဖြင့် လယ်မြေ ထွန်ယက်စိုက်ပျိုးရန် မျိုးစပါး မရှိသည့် အခက်အခဲ၊ ကျွဲနှင့် လယ်ထွန်စက်များ မလုံလောက်မှု အခက်အခဲများကြားမှ ငွေကြေး တတ်နိုင်သူ လယ်သမားအချို့ မျိုးစပါးဝယ်ကာ ပျိုးကြဲထားသည့် လယ်များတွင် ကဏန်းများ ဖျက်ဆီး၍ မျိုးမအောင် ဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။
ထိုကြောင့် လယ်သမားများ၏ စပါးစိုက်ပျိုးမှုနှင့် စပါးထွက်ရှိမှုမှာ လက်ရှိလုပ်နေရသည့် အခြေ အနေမှာပင် ထွက်ရှိမှု အဆင်ပြေနိုင် မပြေနိုင်၊ ထွက်နှုန်း ကောင်းမကောင်းဆိုသည်မှာ မသေချာ မရေရာ ဖြစ်နေသည်။
ဒေးဒရဲမြို့နယ်အတွင်းမှ မျိုးစပါးများ ကဏန်းဖျက်ဆီးခံရသည့် ရွာများမှာ မငဲကြီး၊ ကံစု၊ မကျည်း ကန်၊ ဘုရားလေး၊ ဖိုးချမ်းကြီး စသည့်ရွာအများစု ပါဝင်သည်။ အဆိုပါ ကျေးရွာများမှ လယ်သမား တဦးလျှင် လယ် (၁၀) ဧကမှ ဧက (၅၀) အထိ ပိုင်ဆိုင်သူများ ရှိသည်။
“ကဏန်းညှပ်လို့ ကုန်သွားတဲ့ မျိုးစပါးတွေနေရာမှာ ခုနေခါ အစားထိုးကြဲရင် အချိန်နောက်ကျ နေပြီ။ နောက်ကျပါစေ ကြဲမယ်ဆိုပြန်တော့လည်း မျိုးစပါးက မရှိ ဖြစ်နေတယ်” ဟု ဒေသခံရွာ သားတဦးက ပြောသည်။
မျိုးစပါးများကို လယ်တွင် စတင်ကြဲ၍ ပျိုးထောင်ချိန်မှာ နယုန်လတွင်း၌ ပြုလုပ်သော်လည်း နာဂစ် လေမုန်တိုင်းဒဏ်ကြောင့် ပျိုးစပါးများ အခက်အခဲဖြစ်ကာ ၀ါဆိုလဆန်းကမှ လယ်သမားအများစု ပျိုးကြဲကြခြင်းဖြစ်သည်။
အစိုးရက မျိုးစပါး မပေးသည့်အတွက် ဒေးဒရဲခရိုင်အတွင်းရှိ လယ်သမားအများစုသည် ဖျာပုံမှ ပုဂ္ဂလိက ဆန်စက်တခုဖြစ်သည့် ခေတ်သစ်ဆန်စက်မှ မျိုးစပါး (၁) တင်း ကျပ် (၁) သောင်းဖြင့် ၀ယ်ယူစိုက်ပျိုးရကြောင်း၊ အစိုးရ စိုက်ခိုင်းသည့် (၃) လကြာ ရိတ်သိမ်းနိုင်သည့် ရွှေဝါထွန်း၊ ကမာ ကြည် စသည့် သက်နုစပါးများမှာ ဈေးမရသည့်အတွက် လယ်သမားများက မစိုက်ကြကြောင်း၊ ယင်းဒေသတွင် ယခုကြဲထားသည့် မျိုးများမှာ ဘေးကြားစပါးမျိုးဖြစ်ကြောင်း သိရသည်။ ။

No comments: