စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 22, 2008

ကုန်စည်ခွန် တိုးမြင့်သွားသဖြင့် မီဇိုရမ်သို့ မြန်မာကုန်ပစ္စည်း ရပ်တန့်သွား

ဇလပ်မေ
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008


အိုက်ဇော။ ။
အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ဝင်ရောက်လာသော မြန်မာကုန်စည်များအပေါ် ကုန်စည်ခွန် တိုးမြှင့် ကောက်ခံနေသည့်အတွက် တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းအမှတ် ၂ တွင် ကုန်ပစ္စည်းတင်သွင်းမှု ရပ်တန့်နေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နှစ်နိုင်ငံ နယ်စပ်ချောင်း တီရော် ဤငသ ချောင်းမှ မီဇိုရမ် မဲလ်ဘုခ်ရွာအထိ ဇိုခွါရ်ထာရ် လူမှုဖူလုံရေး အသင်းမှ မြန်မာကုန်ပစ္စည်း အခွန်ကို ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ၊ မဲလ်ဘုခ်မှ စန်ဖိုင်းအထိ စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂမှ ၁ ဒဿမ ၅ဝ ရူပီး တိုးကောက်လိုက်သဖြင့် မြန်မာပြည်မှ ကုန်စည်တင်သွင်းမှု ရပ်တန့်သွားစေခြင်း ဖြစ်သည်။

“မြန်မာပြည်မှာ ကုန်ဈေးနှုန်း မြင့်တက်နေတယ်။ ဒါတင်မကပဲ မီဇိုရမ်ပြည်ထဲမှာ အခုလို သယ်ယူပို့ဆောင်ခ တိုးကောက်လိုက်လို့ ဒီတခေါက် လုပ်ငန်းက အမြတ်ကို မရှိတော့ဘူး” ဟု မီဇိုရမ်ပြည်နယ်တွင် ခေတ္တလာရောက်သူ မြန်မာကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့အနီး မဲလ်ဘုခ်ရွာတွင် ကုန်စည် ဂိုဒေါင်အသစ် ထပ်မံ တည်ဆောက်ခဲ့သည့်အပေါ် ဇိုခွါထာရ် လူမှုဖူလုံရေး အသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အခွန်နှုန်းထားများ အသီးသီး တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မဲလ်ဘုခ် ဂိုဒေါင်မဆောက်မီ တီရောချောင်းမှ စန်ဖိုင်းအထိ သယ်ယူ ပို့ဆောင်ခမှာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ သာ ကောက်ခံလေ့ ရှိခဲ့သည်။

ယခုအခါ တီရောမှ မြို့တော် အိုက်ဇောအထိ ကုန်တင်ကား စီးလုံးဌားခသည်လည်း ယခင်က ရူပီး ၈ဝဝဝ ရှိရာမှ ၂၇ဝဝဝ ရူပီးအထိ မြင့်တက်သွားသည်။

မီဇိုရမ်ပြည်နယ်ထဲတွင် ရောက်ရှိနေသော မြန်မာကုန်သည်များ အနေဖြင့် အခွန်နှုန်းများ ပုံမှန်အနေအထား ပြန်မရောက်သေးသရွေ့ အမြတ်အစွန်း ကျန်ရှိခြင်း နည်းပါးသွားသဖြင့် ကုန်စည်တင်သွင်းမှု ပြုလုပ်ဖွယ် မရှိကြောင်း မြန်မာကုန်သည်များက ပြောဆိုကြသည်။

မြန်မာကုန်သည်တဦးက “အာဏာပိုင်တွေက သယ်ယူပို့ဆောင်ခ ပြန်မချသရွေ့တော့ လုပ်ငန်းပြန်စဖို့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဂိုဒေါင်အသစ် တည်ဆောက်ခြင်းကို ဇိုခွါထာရ် လူမှုဖူလုံရေးအသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့ အချင်းများချိန်ကလည်း အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တ ရပ်ဆိုင်းခဲ့သေးသည်။

ဇွန်လနှောင်းပိုင်းတွင်မူ ကုန်သွယ်မှု ပြန်လည် စတင်ခဲ့သော်လည်း ကုန်စည်အခွန် တိုးမြှင့်ရာမှ မြန်မာကုန်သည်များအဖို့ ပစ္စည်းတင်သွင်းမှု တုန့်ဆိုင်းသွားခြင်းလည်း ဖြစ်သည်။

No comments: