စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 22, 2008

အာဆီယံပဋိညာဉ်စာတမ်းတွင် မြန်မာလက်မှတ်ထိုး

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ယို (ဓာတ်ပုံ - အေပီ)


ကိုသက် ဇူလိုင် ၂၁၊ ၂၀၀၈

စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ လူ့အခွင့်အရေးကော်မတီ ဖွဲ့စည်းမှုပါဝင်မည့် အာဆီယံ ပဋိညာဉ်စာတမ်းတွင် မြန်မာစစ်အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရက အာဆီယံပဋိညာဉ်စာတမ်းတွင် လက်မှတ်ထိုးခဲ့သော်လည်း ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာအသိုင်း အ၀န်းက နအဖ စစ်အစိုးရအား သံသယဖြစ်လျက် ရှိသည်။

အန်အယ်လ်ဒီပါတီ၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးဟံသာမြင့်က “အာဆီယံပဋိညာဉ်စာတမ်းကို အစိုးရလက်ခံတယ်ဆိုတာ အမြင်ကောင်းအောင်လို့ သူတို့ရဲ့ပုံရိပ်ကိုတည်ဆောက်တာတခုပဲဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ လက်မှတ်ထိုးတာထက် တကယ်လုပ်တာက ပိုအရေးကြီးပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ယနေ့အချိန်တွင် တွေ့မြင်နေ ရသောကြောင့် လက်မှတ်ရေးထိုးရုံသက်သက်ထက် လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ခြင်းက ပိုမိုအရေးကြီးသည်ဟု ဦးဟံသာမြင့်က ရှင်းပြသည်။

မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးသည့်နိုင်ငံများအနက် ၇ နိုင်ငံမြောက်ဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့က သဘောလက်မှတ်မထိုးသေးပဲ လက်မှတ်ထိုးမည့်အချိန်ကာလကိုလည်း အတည်မပြုသေးပေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ပေးသ၍ အာဆီယံပဋိညာဉ်စာတမ်းတွင် လက်မှတ် မထိုးဟု ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တချို့က ပြောဆိုခဲ့ဖူးသည်။

နအဖ စစ်အစိုးရက နောက် ၆ လ ကြာလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဂျော့ယို က စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ပြောဆိုချက်ကို ကိုးကား၍ ယမန်နေ့ညက သတင်းထောက်များအား ပြောဆိုလိုက်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထဲရေးဝန်ကြီးအမိန့်ဖြင့် နေအိမ်အကျယ်ချုပ်တနှစ်ထားခွင့်ရှိကာ ၀န်ကြီးချုပ် အမိန့်ဖြင့် ၅ နှစ်၊ စုစုပေါင်း ၆ နှစ် ထားခွင့်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါအမိန့် ၂ ရပ်ဖြင့် နေအိမ်အကျယ်ချုပ် ချထားသည်မှာ ၅ နှစ်ကျော်လာပြီဖြစ်သောကြောင့် နောက် ၆ လ ကြာလျှင် လွတ်မြောက်နိုင်ဖွယ်ရှိသည်ဟု ဦးဉာဏ်ဝင်းက မစ္စတာ ဂျော့ယိုကို ပြောဆိုခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသည် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေး အတွက် အချက်တချက်ဖြစ်သောကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို ထပ်မံတောင်းဆိုကြောင်းလည်း ဂျော့ယို က သတင်းထောက်များအား ပြောဆိုသည်။

ဦးဟံသာမြင့်ကမူ “လွတ်လာမှပဲ ယုံရမယ့်သဘောရှိတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းပြောတာဟာ အချက်အလက် ခိုင်လုံတယ်လို့ ပြောလို့မရသေးတော့ ကျနော်တို့အနေနဲ့ ဘာမှပြောစရာမရှိသေးပါဘူး” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “ဒါတွေက ပြောလို့တာ ကြားရတာ၊ အန်ကယ်ကတော့ မယုံဘူး။ ဘာကြောင့်မယုံလည်းဆိုတော့ မြန်မာနိုင်ငံမှာ ဥပဒေကတခြား၊ တာဝန်ရှိသူတွေကလည်း သူတို့မလိုရင် မလိုသလို၊ လိုရင် လိုသလို လုပ်နေတာတွေ များလာတဲ့အခါကျတော့ ဥပဒေအတိုင်း ပြောဆိုဖို့၊ လက်ခံဖို့ ဆိုတာ တော်တော်ခက်ခဲပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား လွန်ခဲ့သည့်မေလက အကျယ်ချုပ်တနှစ် သက်တမ်းတိုးလိုက်သည့်အပေါ် အာဆီယံ ခေါင်းဆောင်များအပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက နအဖ စစ်အစိုးရကို အပြစ်တင်ဝေဖန်မှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေရချိန် စုစုပေါင်းမှာ ၁၂ နှစ်ကျော်ပြီဖြစ်သည်။

စင်ကာပူတွင် ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နာဂစ် မုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းများဆိုင်ရာ အကြောင်းအရာများနှင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လတ်တလောအငြင်းပွားလျက်ရှိသည့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အကြောင်းအရာများကို ဆွေနွေးမည်ဟု သိရသည်။

No comments: