စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, July 7, 2008

လမ်းပြမြေပုံအသစ် လိုအပ်နေပြီ

အောင်ဇော် ဇူလိုင် ၇၊ ၂၀၀၈

မြန်မာနိုင်ငံတွင် စစ်အစိုးရက အဆိုပြု အကောင်အထည်ဖော်လာခဲ့သည့် “လမ်းပြမြေပုံ” ဆိုသည်မှာ အမှန်တော့ ဘာမှ မဟုတ်ချေ။ စစ်အစိုးရ၏ ထွက်ပေါက်မဟာဗျူဟာတခုသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေက အရှင်ထွက် ထွက်လိုသည်။ ဤလမ်းပြမြေပုံ ဆိုသည်မှာလည်း ဤသို့ အရှင်ထွက်နိုင်ရန် ၎င်း၏ အသွင် ကူးပြောင်းရေးကြားကာလ အစီအစဉ်သာ ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆင့် ၇ ဆင့်ပါသည့် ဤလမ်းပြမြေပုံကိုသုံး၍ ဗိုလ်ချုပ်သန်းရွှေက နိုင်ငံရေးပြဿနာ အရှုပ်အထွေးများထဲမှ အန္တရာယ် ကင်းစွာ၊ အရှင်ထွက် ထွက်လိုနေသည်။ သူက ဤလမ်းပြမြေပုံကိုလည်း ၂၀၁၀ ခုနှစ်တိုင်အောင်သာ လိုအပ်ချက်ရှိသည်။ ဤအချိန်တိုင် သူ၏မိသားစုနှင့် နီးစပ်သူ လက်ဝေခံများအတွက် လုံခြုံအန္တရာယ်ကင်းစွာ နေနိုင်ရေးအတွက် သူက သေချာ အောင်လုပ်ထားချင်သည်။

သူက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားပြီး၊ ပြီးလျှင် စစ်တပ်က ကျောထောက်နောက်ခံပြုထား သည့် အရပ်သားအစိုးရတခု ပေါ်ထွက်လာမည်မှာလည်း သေချာလှသည်။ ယခုလမ်းပြမြေပုံကို မည်သူမျှ မဖျက်ဆီး မနှောင့် ယှက်နိုင်စေရန် ကာကွယ်မည်ဟုလည်း ဗိုလ်ချုပ်သန်းရွှေက သံန္နိဌာန်ချထားသည်။

အသက်အရွယ် အိုမင်းလှပြီဖြစ်သည့် ခေါင်းဆောင်ကြီးက ယခုလမ်းပြမြေပုံအပေါ် ခိုင်ခိုင်မာမာရှိနေကြောင်းကို လွန်ခဲ့သည့် မတ်လ တပ်မတော်နေ့ မိန့်ခွန်းပေးရာတွင်လည်း အထင်အရှားဖော်ပြခဲ့သည်။ ဤမိန့်ခွန်းတွင် သူက အာဏာကို မမက်မော ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရသူများကို အစိုးရအာဏာလွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်အတိုင်း စိတ်ပြောင်းသွားလိမ့်မည် မဟုတ်ပေ။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခတ်မီ နေပြည်တော်တွင် တခြားခေါင်းဆောင်များ၊ စစ်တပ် တပ်မှူးများနှင့် တွေ့ဆုံသည့် အစည်းအဝေးတခု၌လည်း ဗိုလ်ချုပ်သန်းရွှေက ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲကိုသော်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကိုသော်လည်းကောင်း နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်းလာသူမှန်သမျှကို သုတ်သင် ချေမှုန်းရန်လည်း အမိန့်ပေးခဲ့သေးသည်။

ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးရန် ကြံစည်ကြိုးပမ်းသူမှန်သမျှကို လိုအပ်ပါက ဖမ်းဆီးရန်၊ ထိန်းသိမ်း ရန်နှင့် သုတ်သင်ချေမှုန်းရန် လုပ်ပိုင်ခွင့်အာဏာကိုလည်း စစ်တပ်မှူးများသို့ အပြည့်အ၀ အပ်နှင်းထားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကပ်ဘေးဒုက္ခများကြုံရသည့်တိုင် ဗိုလ်ချုပ်သန်းရွှေကို မဟန့်တားနိုင်ခဲ့ပါ။ သူက ဆန္ဒခံယူပွဲကို ဇွတ်တိုး၍ ဆက်လုပ်ခဲ့သည်။ ဤဆန္ဒခံယူပွဲတွင်လည်း ပြောင်မဲခိုးမဲလိမ်ခဲ့ပြီး လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အလားတူ ညစ်ပတ်၍ မဲအရယူကြလိမ့်ဦးမည် ဖြစ်သည်။

ယခုအချိန်တွင် ထွက်ပေါ်လာသည့် မေးခွန်းတခုမှာ ယခုလမ်းပြမြေပုံအစား တခြားရွေးချယ်စရာလမ်းကြောင်း မရှိတော့ပြီ လောဟူ၍ပင် ဖြစ်သည်။

ကုလသမဂ္ဂက ယခုလမ်းပြမြေပုံတွင် အင်အားစုအားလုံး ပါဝင်ခွင့်ရှိရန်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုပါရန် တောင်းဆို ခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်သန်းရွှေက မသိကျိုးကျွံပြုနေခဲ့သည်။ ပြည်တွင်းရှိ အတိုက်အခံများကလည်း ဆန္ဒခံယူပွဲ တွင် ကန့်ကွက်မဲများပေးကြရန် လှုပ်ရှားစည်းရုံးခဲ့ကြသော်လည်း စစ်အစိုးရ ခေါင်းဆောင်ကြီးက ခပ်ရဲရဲပင် သူ့လမ်းအတိုင်း ရှေ့တိုးချီတက်ခဲ့သည်။

ဗိုလ်ချုပ်သန်းရွှေအဖို့ ရှေ့ဆက်ရမည့်လမ်းသည် ကြမ်းတမ်းခက်ခဲသော လမ်းကြမ်းနှင့်ကြုံရပေတော့မည်။ သံသယရှိစရာ မလိုသည့်အချက်မှာ ပြည်တွင်း ပြည်ပရှိ အတိုက်အခံ အင်အားစုများသည် လာမည့် ရွေးကောက်ပွဲကို ပျက်စီးရာပျက်စီး ကြောင်း ဆောင်ရွက်စည်းရုံးကြတော့မည် ဖြစ်သည်။ မကြာသေးမီကာလက ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) ရုံး တခုအနီးတွင် ဗုံးပေါက်ကွဲမှုမှာ လာမည့်ကာလတွင် ပို၍ တိုက်ခိုက်မှုများ ကြုံရဖွယ်ရှိကြောင်း ခိုင်လုံသည့် သက်သေပြ ချက်ပင် ဖြစ်သည်။

ဤပေါက်ကွဲမှုက ရန်ကုန်မြို့မြောက်ပိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရမှုများ မရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

စစ်အစိုးရ၏ လက်ကိုင် ဤကြံ့ဖွံ့အဖွဲ့ကို ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရက စတင်ဖွဲ့စည်းခဲ့ပြီး ပံ့ပိုးမှုများ ပေးထားခဲ့သည်။ ယခု အခါ မြန်မာနိုင်ငံရှိ လူဦးရေ ၅၇ သန်း အနက် ကြံ့ဖွံ့အဖွဲ့ဝင် ၂၃ သန်းကို စည်းရုံးထားနိုင်ပြီဟုလည်း ဖော်ပြခဲ့သည်။ ဤအဖွဲ့ ၀င်များသည် ဒီမိုကရေစီ အတိုက်အခံ အဖွဲ့ဝင်များကို လူရမ်းကားဆန်ဆန် တိုက်ခိုက်မှုများ၌ ပါဝင်ပတ်သက်ခဲ့ကြသည်ဟု လူအများက စွပ်စွဲခဲ့ကြသည်။

ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် စစ်အစိုးရကို အမာခံ ထောက်ခံနေသည့်သူများအပေါ် အလားတူ တိုက်ခိုက်မှုများမှာလည်း ယခုမှစ၍ ၂၀၁၀ ရွေးကောက်ပွဲ ကာလများအတွင်း ထပ်မံပေါ်ပေါက်လာနိုင်သေးသည်။ အကြမ်းဖက်မှုများသည်လည်း ကြောင်လိမ် လှေခါးသဖွယ် ထပ်၍ အဆင့်တက်ဖြစ်ပေါ်လာဖွယ် ရှိနေပါသည်။

ကုလသမဂ္ဂ အပါအ၀င် ဒေသတွင်း ဒေသအပြင်ရှိ အစိုးရများအနေဖြင့် မြန်မာစစ်အစိုးရအပေါ် မည်သို့မည်ပုံ ကိုင်တွယ် ဆက်ဆံရမည်ကို သဘောကွဲနေကြလျှင်၊ မပြတ်မသားဖြစ်၍ နေကြလျှင်၊ ဗိုလ်ချုပ်သန်းရွှေအနေဖြင့် သူဖြတ်သန်းရမည့် လမ်းတွင် ကြုံတွေ့ရမည့် အတားအဆီးများကိုလည်း ကောင်းစွာနှိမ်နင်း ကျော်ဖြတ်သွားနိုင်ဦးမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ထင်ရှားသည့်၊ လူထောက်ခံမှု ရရှိကြသည့် အတိုက်အခံ ခေါင်းဆောင်အများမှာ လူထုကို စည်းရုံးအုံကြွ၍ စစ်အစိုးရ၏ တရားဝင်မှုကို စိန်ခေါ်အံတုနိုင်ကြသော်လည်း ထိုသူအများမှာ ယခုအခါ ပုန်းအောင်း၍ဖြစ်စေ၊ ထောင်တွင်း၌ ဖြစ်စေ ရှိနေကြရပါသည်။ အကယ်၍ စက်တင်ဘာဆန္ဒပြပွဲများကဲ့သို့ လူထုအုံကြွမှု ပေါ်ပေါက်လာမည်ဆိုဦးတော့ စစ်တပ် များက “တရားဥပဒေ စိုးမိုးရေး” အကြောင်းပြ၍ အလျှင်အမြန် ချေမှုန်းနှိမ်နင်းပစ်ကြဦးမည်မှာ သံသယရှိစရာမလိုသည့် အချက်ပင် ဖြစ်ပါသည်။

ထို့အပြင် ပြည်တွင်း ပြည်ပရှိ အတိုက်အခံအင်အားစုများကလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေကြပြီး တညီတညွတ်တည်း အသံမထွက်နိုင် ဖြစ်နေကြပါသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အပစ်ရပ်အဖွဲ့များမှာလည်း စစ်အစိုးရကို စိန်ခေါ်ရန် မဖြစ်နိုင်လောက်အောင် ချိနဲ့အားပျော့နေကြပါသည်။ အချို့သော တိုင်းရင်းသားအဖွဲ့များကလည်း စစ်အစိုးရ အလိုကျ လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြပါလိမ့်မည်။

ယခုအချိန်တွင် ဗိုလ်ချုပ်သန်းရွှေ၏ လမ်းပြမြေပုံကို စိမ်ခေါ်နိုင်မည့် နောက်ထပ်ရွေးချယ်စရာ လမ်းပြမြေပုံအသစ်တခုကို ရေးဆွဲကြရတော့မည့် အချိန်ပင် ဖြစ်ပါသည်။ အသွင်ကူးပြောင်းရေး ကာလအတွက်လည်း ပြင်ဆင်ကြရတော့မည့် အချိန် ဖြစ်ပါသည်။ ယခုလမ်းပြမြေပုံမှတဆင့် ဗိုလ်ချုပ်သန်းရွှေ အရှင်ထွက် ထွက်နိုင်ကောင်း ထွက်နိုင်ပါလိမ့်မည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သန္ဓေသားကတော့ အသက်မဲ့မြဲ မဲ့နေဦးမည်သာ ဖြစ်ပါတော့သည်။

အောင်ဇော်ရေးသားသည့် An Alternative Road Map is Needed Now ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Rest of your post

No comments: