စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 10, 2008

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသူ (၁၅) ဦး ပြန်လည်လွတ်မြောက်

ပီတာအောင်/ ၁၀ ဇွန် ၂၀၀၈


ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ပါတီဝင် (၁၅) ဦးတို့သည် အင်းစိန်ဂျီတီစီတွင် ထိန်းသိမ်းခံ ထားရရာမှ ယမန်နေ့ည၌ ပြန်လွတ်လာကြသည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဖွဲ့ချုပ်ဝင်များသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်သည့် ပြီးခဲ့ သည့် မေ (၂၇) ရက်တွင် ဓာတ်ပုံနှင့် ပိုစတာတို့ ကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းဘက်သို့ လမ်းလျှောက်ဆန္ဒပြစဉ် အာဏာပိုင်များ၏ ဒိုင်နာကားပေါ် အဓမ္မဆွဲတင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပြန်လွတ်လာသူတဦးဖြစ်သူ အန်အယ်လ်ဒီ ရွှေပြည်သာမြို့နယ်မှ ဒေါ်ထက်ထက်ဦးဝေက
“(၁၄) ရက် နေခဲ့ရပြီးတော့ မနေ့က ည (၉) နာရီကမှ ပြန်လွှတ်ပေးလိုက်တယ်။ ဆန္ဒပြမှုတခုကို ဖြစ်ပေါ်စေတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတယ်။ နောက်တခါ ထပ်လုပ်မယ်
ဆိုရင် နိုင်ငံတော်ရဲ့တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်ဆိုတာကို သိရှိကြောင်း ခံဝန်ချက်
လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု ပြောသည်။

ဖမ်းထားချိန်၌ အာဏာပိုင်များက ကောင်းမွန်စွာ ဆက်ဆံသော်လည်း အေးချမ်းစွာ ဆန္ဒပြသူ များအား အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်းတိုးချဲ့၍ ဆက်ဖမ်းဆီးထားခြင်း သည် တည်ဆဲဥပဒေနှင့် ဆန့်ကျင်နေသည့်အပြင် တရားမျှတမှုလည်းမရှိသဖြင့် အယူခံဝင်ခွင့် ပေးရန် အန်အယ်လ်ဒီက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုသည်။

ဦးဉာဏ်ဝင်းက “ဒီဥစ္စာဟာ ဥပဒေအရ လုံးဝမှားနေတယ်။ ဥပဒေနဲ့အညီ အယူခံခွင့်ပေးပါ။ အယူခံမှာ ဥပဒေအရ ကျနော်တို့ဘက်က ခိုင်ခိုင်လုံလုံတင်ပြဖို့ အပြည့်အစုံရှိတယ်ဆိုတာ ကျနော်တို့ ကြေညာချက်ထုတ်တာပါ။ ဘယ်အချိန်ကပဲ စတွက်တွက် ဒေါ်အောင်ဆန်းစုကြည်ကို စဖမ်းတာ မေ (၃၀) ၂၀၀၃ ခုကပါ။ ခုဆို (၅) နှစ်ကျော်ပါပြီ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပေဒေ ပုဒ်မ ၁၀(ခ) ဖြင့် ဖမ်းထားခြင်းဖြစ်ပြီး လက်ရှိ တည်ဆဲ ဥပဒေအရ အများဆုံး သက်တမ်း (၅) နှစ်ထိသာ နေအိမ်အကျယ်ချုပ် ချခွင့်ရှိသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းကို (၂၈) ရက် မေလ ၂၀၀၈ ခုမှ (၂၇) ရက် မေလ ၂၀၀၉ ခု အထိထပ်တိုးလိုက်ကြောင်း၊ ထိုသို့ ထပ်တိုးခြင်းသည် (၄) နှစ်နှင့် (၆) လ တားဆီးကန့် သတ်လိုက်ခြင်းဖြစ်ပြီး ဥပဒေသတ်မှတ်ချက်ထက် မပိုဟု ဇွန် (၆) ရက် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ ဆွေးနွေးပွဲ၌ ပြောသည်။ ။
Rest of your post

No comments: