စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 2, 2008

မဲရုံအဖြစ် အသုံးပြုသော ကျောင်းမီးရှို့ခံရ၍ ကျောင်းသားများ စာမသင်ရဘဲ ဖြစ်နေ


7/1/2008

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရှောက်ခုံကျေးရွာတွင် မေလ ၉ ရက်နေ့က မီးရှို့ခံလိုက်ရသော ကျောင်းကို သက်ဆိုင်ရာမှ ယခုအချိန်ထိ ပြန်လည်တည်ဆောက် ပေးခြင်း မရှိသဖြင့် ကလေးများစာမသင်ရဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမည်မဖေါ်လိုသူ ရွာသားတဦးက “ ကျွန်တော်တို့ရွာ မူလတန်း ကျောင်းကို အမည်မသိလူတွေက မဲရုံအဖြစ်ပြုလုပ်တာကို မကျေနပ်တဲ့အတွက် မေလ ၉ ရက်နေ့ ညဉ့်အချိန်မှာ မီးရှို့လိုက်ပါတယ်။ ကျောင်းတခုလုံး ပြာကျသွားခဲ့ပါတယ်။ သက်ဆိုင်ရာက ခုအချိန် ထိ ပြန်လည်တည်ဆောက် မပေးဘဲရှိနေတဲ့အတွက် ခလေးတွေကျောင်းမတက်နိုင်ဘဲ ဖြစ်နေကြ ရပါတယ်။”ဟု ပြောသည်။

သက်ဆိုင်ရာ အာဏာပိုင်များက ကျောင်းကို မီးရှို့သူများအား ကျေးရွာသားများ အနေဖြင့် ရှာဖွေဖေါ်ထုတ် ပေးရမည်ဖြစ်ပြီး မဖေါ်ထုတ်ပေးပါက ကျောင်းကို ပြန်လည် တည်ဆောက် ပေးမည်မဟုတ်ဟု ပြောကြားထားသည်ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

သို့သော်လည်း မြေပုံရဲက မသင်္ကာမှုဖြင့် လူငယ် ၅-ဦးကို ယခုအချိန်ထိ အမှုတစုံတရာ မရှိဘဲ ဆက်လက် ဖမ်းဆီး ထိန်သိမ်းထားသည်။

ဖမ်းဆီးထိန်းသိမ်းခံနေရသော လူငယ် ၅-ဦးမှာ မောင်ဌေးဝင်း (ဖ) ဦးလှမောင်၊ ထွန်းမြချေ (ဖ) မောင်ငယ်၊ မောင်ကျော်နိုင် (ဖ) ဦးကျော်လှ၊ အောင်ရွှေမြ (ဖ) ဦးကျော်ထွန်သာနှင့် မောင်ကျော်သာ (ဖ) မောင်လှစိန်တို့ ဖြစ်သည်။

ကျောင်းမီးရှို့ခံရသည့်နေ့က ကျေးရွာသား အများအပြားကို မြေပုံရဲက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် လက်ပူးလက်ကြပ် တဦးမှဖမ်းဆီးရမိခြင်း မရှိ၍ ပြန်လည် လွတ်ပေးခဲ့ သည်။

ယခုကဲ့သို့ ကျောင်းမီးရှို့ခံရပြီးနောက်ပိုင်း နအဖ စစ်အာဏာပိုင် များက ကျောင်းကို ပြန်လည်တည်ဆောက်ပေးခြင်း မရှိသဖြင့် ကျေးရွာသားများမှာ သူတို့၏ သားသမီးများ ပညာရေးအတွက် အထူးစိုးရိမ်နေကြောင်း သတင်းရရှိသည်။

ရှောက်ခုံကျေးရွာတွင် အိမ်ခြေပေါင်း ၈၀ နီးပါးရှိပြီး အဆိုပါကျေး ရွာမှာ သမိုင်းဝင် ကြာအင်းတောင်ရွာအနီးတွင် တည်ရှိသည်။

No comments: