စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, July 4, 2008

“လူထုဆန္ဒကို ဆန့်ကျင်သည့် မဲပြားများ” အစီရင်ခံစာ ပလောင်က ထုတ်ပြန်


မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008 19:07 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မေလ ၁ဝ ရက် လူထုဆန္ဒ ခံယူပွဲတွင် ထောက်ခံမဲရရန် အာဏာပိုင်များက နည်းမျိုးစုံဖြင့် ဖိအားပေး လုပ်ဆောင်ခဲ့ကြောင်း ပလောင်အလုပ်အဖွဲ့က ယနေ့တွင် ပြောဆိုလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပလောင်လူထုများ နေထိုင်ရာ ရှမ်းပြည်နယ် မြို့နယ်အချို့တွင် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ကျင်းပရာ ပြည်သူ့သဘောထား မပါရှိဘဲ ထောက်ခံမဲရရန် အာဏာပိုင်များက အတင်းအဓမ္မ ပြုလုပ်ခဲ့သည်များအား စုံစမ်း ဖော်ထုတ်ကာ “လူထုဆန္ဒကို ဆန့်ကျင်သည့် မဲပြားများ” အမည်ရှိ အစီရင်ခံစာကို ပလောင်အလုပ်အဖွဲ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မဲရုံစောင့်တဲ့ သူတွေက မဲပေးတဲ့ သူတွေကို အဓမ္မ ထောက်ခံခိုင်းတယ်။ မဲပုံးထဲကို မထည့်ခင်အချိန်မှာ အဲဒီ မဲပြားကို ဖွင့်ကြည့်စစ်ဆေးတယ်။ တချို့နေရာတွေမှာ ဥက္ကဋ္ဌ က တရွာလုံးကိုယ်စား မဲပေးတာတွေ ရှိတယ်။ မဲပေးဖို့ အချိန် သတ်မှတ်ထားပေမယ့် သတ်မှတ်တဲ့ အချိန်အတိုင်း မလုပ်ဘူးဆိုတဲ့ မသမာမှုတွေ အများကြီး တွေ့နေရတယ်” ဟု ပလောင်လူငယ် လုပ်ငန်းကွန်ယက်အဖွဲ့ ပြောခွင့်ရ ကိုမိုင်းအောင်ကို က ပြောသည်။

ပလောင် အလုပ်အဖွဲ့တွင် ထိုင်းနိုင်ငံအခြေစိုက် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ပလောင်လူငယ် လုပ်ငန်းကွန်ယက်အဖွဲ့ (PYNG) နှင့် ပလောင် အမျိုးသမီး အစည်းအရုံး (PWO) စုပေါင်းပါဝင်ပြီး သူတို့က ပလောင်လူထုများ နေထိုင်ရာ နမ့်ဆန်၊ လားရှိုး၊ ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါ၊ မန်တုန်၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ် တို့တွင် ကန့်ကွက်မဲ ထည့်ဝင်ရေး လှုပ်ရှားမှုများ၊ လူထုဆန္ဒခံယူပွဲ စောင့်ကြည့်ရေး လုပ်ငန်း စဉ်များအရ သက်ဆိုင်ရာ ဒေသများတွင် စုံစမ်း ဖော်ထုတ်ကာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

အတင်းအဓမ္မ ထောက်ခံမဲ ထည့်ခိုင်းခြင်း၊ ကြိုတင် ထောက်ခံမဲပေးခြင်း၊ မဲလိမ်ခြင်း အစရှိသည့် လူထု၏ ရိုးသားသော သဘောထား ဆန္ဒကို နည်းမျိုးစုံဖြင့် မတရား အာဏာအလွှဲသုံးစား လုပ်ခဲ့သည့် နအဖ လုပ်ရပ်များကို အဆိုပါ မြို့နယ်များ အတွင်းရှိ မဲရုံ ၅၇ ရုံကို အနီးကပ် စောင့်ကြည့်ကာ ဒေသခံပြည်သူများ၊ မဲရုံစောင့်ကြည့်ရေး တာဝန်ခံများနှင့် တွေ့ဆုံမေးမြန်းချက်များ၊ အချက်အလက်များကို စုစည်း၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အချို့နေရာများတွင် မဲရုံတာဝန်ရှိများ၏ ရင့်ဖွင့် ပြောဆိုချက်နှင့် ဓာတ်ပုံ အထောက်အထားပါ ပါရှိသည်။

ကိုမိုင်းအောင်ကို က ဓကျောက်မဲ ငြိမ်းချမ်းရေးကုန်းမှာရှိတဲ့ ပလောင်ငြိမ်းချမ်းရေးအဖွဲ့ (ကျောက်မဲ) ဦးကျော်ရင် ပြောတာက ဒီရွာထဲမှာ နေပြီးတော့ ကန့်ကွက်မဲ ထွက်လာလို့ရှိရင် ဒီရပ်ကွက်ထဲကနေ နှင်ထုတ်မယ် ပြောတယ်။ နမ့်ဆန်ဘက်မှာ ပလောင် လ္ဘက်စက်ရုံ လုပ်တဲ့ ဗိုလ်ကြီး သန်းထွဋ်က ပြောတယ်။ ပလောင်ဒေသမှာ ကန့်ကွက်မဲတွေ များမယ်ဆိုရင် အောက်ပိုင်းက တင်သွင်းတဲ့ ဆန်တွေကို ပိတ်ဖြစ်မယ်ဆိုတဲ့ အမိန့်စာ ထုတ်ပြန်တာတွေ ရှိတယ်တဲ့” ဟု ပြောသည်။

အစီရင်ခံစာထဲတွင် ပလောင်ဒေသ အတွင်းရှိ မဲရုံစောင့်ကြည့်ရေးတွင် ပါဝင်သူတဦးက “ပလောင်ဒေသအတွင်း ကျေးရွာအုပ်စုများရှိ မဲပေးနိုင်တဲ့သူရဲ့ ၃ဝ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ မဲရုံသို့ ကိုယ်တိုင်လာရောက် မဲပေးခဲ့ကြရပြီး၊ ကျန်တဲ့ သူတွေကတော့ ကြိုတင်မဲနဲ့ ကိုယ်စားပြုမဲတွေနဲ့ပဲ အားလုံးပြီးသွားတယ်။ မဲရုံကို မဲလာပေးဖို့ ခေါ်လာတဲ့သူတွေဟာ ပလောင်ရိုးရာ ဝတ်စုံတွေဝတ်ပြီး ဟန်ပြ ထောက်ခံမဲတွေပဲ ပေးခဲ့ကြရပါတယ်” ဟု ပြောဆိုသည်ကိုလည်း ဖော်ပြထားသည်။

ထို့အပြင် မြို့တွင်းတွင် နေထိုင်သူများနှင့် နအဖ စစ်အုပ်စု၏ မတရားဖိနှိပ်မှုကို မကြောက်မရွံ့ ဆန့်ကျင်သူများသည် လူထုဆန္ဒ ခံယူပွဲတွင် ကန့်ကွက်မဲများ ထည့်ခဲ့ကြသော်လည်း၊ လူထုဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်၏ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အရ နအဖ စစ်ခေါင်းဆောင်များ ညွှန်ကြားထားသည့်အတိုင်း ထောက်ခံမဲပြားများ အဖြစ်သို့သာ ပြောင်းလဲခဲ့ရသည်ဟုလည်း ဆိုထားသေးသည်။

နအဖ ၏ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်များကို နိုင်ငံတကာမှ သိရှိစေရန်၊ နိုင်ငံတကာ မိသားစုအနေဖြင့် စုစည်းညီညွတ်စွာ ဝိုင်းဝန်း ကန့်ကွက်ရန်နှင့် မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို ဝိုင်းဝန်းကူညီ အဖြေရှာရန်အတွက် အစီရင်ခံစာကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အာဆီယံနိုင်ငံများထံ ပေးပို့သွားမည်ဟု ပလောင်အလုပ်အဖွဲ့က ပြောသည်။

Rest of your post

No comments: