စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 9, 2008

လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်


ဒေါက်တာ ခင်စောဝင်း
တနင်္လာနေ့၊ ဇွန်လ 09 2008 14:21 - မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်း ကျရောက်ပြီးတာ တလကျော်ခဲ့ပါပြီ။ ပြည်သူတွေမှာတော့ အခုထိ ဒုက္ခတွေနဲ့ ရင်ဆိုင်ရဆဲပါပဲ။ ဒုက္ခသည်တွေကို ကူညီရေး နိုင်ငံတကာရဲ့ ကမ်းလှမ်းချက်တွေကိုလည်း နည်းမျိုးစုံနဲ့ ပိတ်ဆို့ ငြင်းပယ်နေဆဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ကူညီကယ်ဆယ်ရေး မရသေးတဲ့သူတွေ ထောင်ပေါင်းများစွာ ရှိနေပါသေးတယ်။ ကုလသမဂ္ဂ ဂြိုဟ်တု တိုင်းထွာရေး အဖွဲ့က ဇွန်လ ၄ ရက်နေ့တုန်းက ဧရာဝတီတိုင်း အတွင်းက ကျေးရွာ ၁၈ ရွာ ပျက်စီးပုံကို ဂြိုဟ်တုမြင်ကွင်းမှာ ဓာတ်ပုံနဲ့တကွ အသေးစိတ် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရွာလုံးကျွတ် ပျက်စီးတဲ့ မြင်ကွင်းတွေ ဓာတ်ပုံတွေမှာ တွေ့နေရပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းမှာ လူထုပေါင်း သိန်းနဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ရပုံ၊ သန်းနဲ့ချီပြီး ဒုက္ခ ရောက်နေရပုံတွေကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုနဲ့ လူသားဂုဏ်သိက္ခာ ဆိုတာကို လေးစားဘို့ဝေးလို့ တိရစ္ဆာန်ရဲ့ အသက်လောက်တောင် တန်ဖိုးမထားတာ လက်တွေ့ထင်ရှား တွေ့နေရပါပြီ။ ၁၉၆၂ ခုနှစ်ကစပြီး နှစ် ၅ဝ နီးပါး (Generation) မျိုးဆက် ၃ ဆက်လောက်ဟာ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ လူသား ဂုဏ်သိက္ခာ ကင်းမဲ့စွာနဲ့ ပြားပြားဝပ်ဝပ် ဒုက္ခခံနေကြရပါတယ်။ လူထုမှာ မျက်ရည်စက်လက်နဲ့ ဒုက္ခရောက်နေတဲ့ ကာလမှာ အတင်းအကျပ် ဆန္ဒခံယူပွဲကို လုပ်ခဲ့ပါသေးတယ်။ စစ်အစိုးရဟာ ပြည်တွင်းမှာရော၊ နိုင်ငံတကာကိုပါ လိမ်ညာဘို့ နည်းနည်းမှ ဝန်မလေးကြပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပြောတုန်းက နိုင်ငံတကာရဲ့ အကူအညီကို ယူပါမယ်၊ နိုင်ငံခြား ပညာရှင်တွေ ကူညီရေး အဖွဲ့တွေကို ဗီဇာပေး ဝင်ခွင့်ပြုပါမယ်လို့ လိမ်ညာ ကတိပေးခဲ့ပြီး၊ တကယ့်တကယ်မှာ ပေးခဲ့တဲ့ ဂတိအတိုင်း ဆောင်ရွက်မှု မရှိခဲ့ပါဘူး။ စစ်ဗိုလ်ချုပ်တွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့၊ သုံးပွင့်ဆိုင် ဆွေးပွဲတို့ကို လုံးဝ စိတ်ဝင်စားသူတွေ မဟုတ်တာ သေချာနေပါပြီ။ ဒီစနစ် ရှင်သန်နေသမျှ လူထုမှာ ဒုက္ခရောက်သထက် ရောက်ပြီး တိုင်းပြည်တခုလုံး စုံးစုံးမြိုပ်ဖွယ်ရာပဲ ရှိပါတော့တယ်။ နှစ်ပေါင်းများစွာ မတရားဖိနှိပ်မှု ဒုက္ခခံနေကြရတဲ့ ပြည်သူတွေအတွက် လွတ်မြောက်ရာနည်းလမ်း၊ ငြိမ်းချမ်းရေးအတွက် လွတ်မြောက်ရာ နည်းလမ်း တလမ်းပဲ ရှိပါတယ်။ အဲဒါကတော့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးပဲ ဖြစ်ပါတယ်။ Military Dictatorship ဆိုတာ လုံးဝ မရှိတော့အောင် ဖျက်သိမ်း ပစ်ရမယ်။ Abolish လုပ်ပစ်ရမယ်။ ဒါမှသာ တကယ်စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းမှု ပေါ်ပေါက်မှသာ ပြည်သူတွေဟာ အခြေခံ လူ့အခွင့်အရေးကို ပြည့်ဝစွာ ခံစားရပြီး၊ ကြောက်ရွံ့ရခြင်း ဒုက္ခ၊ ဆင်းရဲငတ်မွတ်ခြင်း ဒုက္ခက ကင်းဝေးမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်ဘို့အတွက် စစ်အာဏာရှင်တွေကို တိုက်ဖျက်ဘို့ လက်နက် လိုပါတယ်။ လက်နက်မရှိဘဲ တိုက်လို့ မရပါဘူး။ အဲဒီလက်နက်ကို ဘယ်ကရမလဲလို့ မေးရင်တော့ အဖြေက ရှင်းပါတယ်။ အဲဒီလက်နက်က ပြည်သူတွေ လက်ထဲမှာ ရှိနေပါတယ်။ ပြည်သူတွေဆိုတာ အားလုံး ပါဝင်ပါတယ်။
ပြည်တွင်းမှာနေတဲ့ ပြည်သူ၊ ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာပြည်ဖွား ပြည်သူများ
ရဟန်းသံဃာတော်များ
ကြံ့ဖွတ်နဲ့ စွမ်းအားရှင်များ
ကြည်း၊ ရေ၊ လေ တပ်မတော်သားများ အဲဒီလူတွေ အားလုံးမှာ လက်နက်တွေ ရှိပါတယ်။ ဘယ်လို လက်နက်တွေ ရှိတာလဲ။ “သေနတ်လား၊ ဓားလား၊ ဂျင်ဂလိလား” လို့ မေးလာရင်တော့ အဲဒါတွေ တခုမှ မဟုတ်ပါဘူး။ သူတို့တွေ အားလုံးမှာ ရှိနေတဲ့ လက်နက်ကတော့ “ညီညွတ်ရေး” ပါပဲ။ ပြည်သူတွေအားလုံး “ညီညွတ်ရေး” ဆိုတဲ့ လက်နက်ကို နည်းလမ်းမှန်မှန်၊ စနစ်တကျ ထုတ်ဖော်သုံးစွဲဘို့ အချိန်ရောက်နေပါပြီ။ အဲဒီလက်နက် ရှိပေမယ့် မှန်မှန် မသုံးစွဲနိုင်လို့၊ တန်ဖိုးမထားခဲ့လို့ အခုလို ခံနေရတာပါ။ ပြည်သူတွေနဲ့အတူ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ အားလုံး အတူတကွ ပူးပေါင်းနိုင်ကြရင်၊ ညီညွတ်ကြရင် စစ်အာဏာရှင်စနစ် (Abolish) ဖြစ်ဘို့ရာ မခဲယဉ်းပါဘူး။ စစ်အာဏာရှင်တွေဟာ ပြည်သူ့အင်အားကို အင်မတန် ကြောက်ပါတယ်။ အဲဒီလို ကြောက်လို့ အခုလို ရက်စက် ဖိနှိပ်နေတာပါ။ မိမိရဲ့ လက်ရှိဘဝမှာ အခုလောက် ဆိုးဆိုးဝါးဝါး ခံခဲ့ရပြီ။ နောက်လာမယ့် သားစဉ်မြေးဆက် ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းစွာ နေနိုင်ဘို့အရေး ညီညွတ်ရေး လက်နက်ကို စနစ်တကျ ထုတ်ဖော်သုံးစွဲကြဘို့ အချိန်ရောက်နေပြီ ဖြစ်ကြောင်းပါ။ ညီညွတ်ရေး လိုအပ်တယ်ဆိုတာ မူအားဖြင့် သိကြပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း “အားလုံး ညီညွတ်ကြပါ” လို့ ဆိုတာကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အခုကာလအထိ ဒီမိုကရေစီ အင်အားစုတွေ အတွင်းမှာ ညီညွတ်ရေးကို မတည်ဆောက်နိုင်ကြသေးပါဘူး။ အပြောလွယ်သလောက် လက်တွေ့မှာ လုပ်ကိုင်ရတာ ခက်ခဲပါတယ်။ နအဖ ကလည်း တမင်တကာကို အချင်းချင်း ကွဲအောင် ဖန်တီးပေးနေတာပါ။ ဒါပေမဲ့ အဲဒီ အခက်အခဲကို ကျော်လွှားနိုင်အောင် အားလုံး ဝိုင်းဝန်းကြိုးစားဘို့ လိုပါပြီ။ အထူးသဖြင့် ပြည်တွင်းမှာဆိုရင် သာမန် ပြည်သူတွေနဲ့ ကြံ့ဖွတ် စွမ်းအားရှင်တို့၊ တစည်းတလုံးတည်း ညီညွတ်နိုင်ကြမယ်ဆိုရင် တကယ် အစွမ်းကောင်းတဲ့ “ပြည်သူ့အင်အား” တရပ် ပေါ်ပေါက်လာမှာပါ။ တကယ်တော့ ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။ သူတို့လည်း အများပြည်သူလိုပဲ ဘဝ ရပ်တည်ရေးအတွက် ရုန်းကန် လှုပ်ရှားနေကြရသူတွေ ဖြစ်ပါတယ်။ ပြည်သူတွေလိုပဲ နအဖ ကို ကြောက်ရွံ့ နားထောင်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရင် ဒီမိုကရေစီစနစ် ပြောင်းလဲဘို့အတွက် စစ်အာဏာရှင်စနစ်ကို လုံးဝ ဖျက်သိမ်းရမှာ ဖြစ်ပြီး၊ အဲဒီလို ဖျက်သိမ်းနိုင်ဘို့အတွက် ညီညွတ်ရေးဆိုတဲ့ လက်နက်ကို အသုံးချဘို့က လွဲလို့ တခြားနည်းလမ်း မရှိတော့ပါဘူး။ ညီညွတ်ရေး လက်နက်ကို ဘယ်လို အသုံးချမယ်ဆိုတဲ့ ဗျူဟာကိုတော့ ပြည်သူအားလုံးက ဆုံးဖြတ် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အထူးသဖြင့် ပြည်တွင်းက ပြည်သူတွေရဲ့ ညီညွတ်မှု လက်နက်အင်အားကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ရေးအတွက် ပြည်တွင်းပြည်ပမှာ ရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေ၊ ပညာရှင်တွေ အားလုံး ဝိုင်းဝန်းစဉ်းစား အကြံပေးဘို့ လိုပါတယ်။ အချိန်ဟာ အရေးကြီးနေပါပြီ။
Rest of your post

No comments: