စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, May 16, 2008

လပွတ္တာက ပြန်ခဲ့တယ်

လပွတ္တာက ပြန်ခဲ့တယ်ဧရာဝတီ မေ ၁၅၊ ၂၀၀၈

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီရုံးမှ အယ်ဒီတာတဦးနှင့် မုန်တိုင်းဒဏ် ခံခဲ့ရသော လပွတ္တာမြို့နယ်မှ ရန်ကုန်သို့
ပြန်လည်ရောက်ရှိလာသည့် ဧရာဝတီ
သတင်းထောက်တဦးတို့ မေလ ၁၅ ရက်နေ့က
အင်တာနက်ပေါ်တွင် ချက်တင် လုပ်ခဲ့သည်များကို တိုက်ရိုက် တင်ပြပေးလိုက်ပါသည်။
သတင်းထောက်။ ။ မင်္ဂလာပါအကို။ ကျနော်ပြန်လာပါပြီ။
အယ်ဒီတာ။ ။ ကြိုဆိုပါတယ်ဗျာ။ ခရီးစဉ် ဘယ်လိုလဲ။
သတင်းထောက်။ ။ အသက်မသေလို့ ပြန်တွေ့ရတာပါ။ အရမ်းကို ဒုက္ခရောက်ခဲ့ပါတယ်။ ဒါပေမယ့်လိုချင်တာတွေ ရခဲ့တယ်။
အယ်ဒီတာ။ ။ တွေ့ခဲ့တာတွေပြန်ရေးပေါ့။
သတင်းထောက်။ ။ ရွာတွေဘက် သွားမယ်ပြင်တော့ မုန်တိုင်းမိတယ်။ မြစ်လယ်မှာလေ။ တော်သေးတယ် မုန်တိုင်းက မိုးပဲရွာလို့။ မနေ့က ပြန်လာတော့ ကားမှောက်မလိုဖြစ်တယ်။ ကျနော့် တသက်တော့ ဒီလောက်ကြမ်းတဲ့ ခရီး မသွားဖူး သေးဘူး။
အယ်ဒီတာ။ ။ ဂုဏ်ယူပါတယ်ကွာ။
သတင်းထောက်။ ။ ကျနော်တော့ ဂုဏ်ယူတဲ့စိတ်ထက် ပြန်တွေးပြီး ကြောက်နေတယ်။ မြစ်လယ်မှာသာ သေရင်တော့ ငါလည်း ငါးတွတ်ခံရပြီလို့ ထင်နေတာ။ ပြီးတော့ ဆယ်သူမဲ့ ပေါလောပေါ်နေမယ် ဆိုရင်… ဆိုပြီး လန့်နေတာ။ အခုတော့ လည်း အဲဒီစိတ်ကို ရယ်ချင်နေပါတယ်။ ရှက်လည်း ရှက်မိပါတယ်။
အယ်ဒီတာ။ ။ ခင်ဗျားရဲ့ ခံစားမှုကို ကျနော်နားလည်ပါတယ်ဗျာ။
သတင်းထောက်။ ။ အကိုရေ လပွတ္တာက ဘိုကလေးထက် ပိုဆိုးတယ်တဲ့ဗျ။ လပွတ္တာက တာဝန်ရှိသူ တယောက်ပြောဖူး တာက သေတဲ့သူ ၂၀၀၀၀ တဲ့။ ဒါပေမယ့် ခုကျတော့ လပွတ္တာ ကြက်ခြေနီ အသင်းကနေ ရထားတဲ့ စာရင်းအရ လပွတ္တာ တမြို့တည်းတင် ၁၂၀၀၀၀ သေတယ်လို့ အတိအကျ ရထားတယ်။ တော်တော်ကို ဆိုးတာ။
အယ်ဒီတာ။ ။ ကယ်ဆယ်ရေးတွေ အကြောင်းကော ပြောပါဦး။
သတင်းထောက်။ ။ ပြောရရင်တော့ သြချရတော့မယ်။ မလုံလောက်ဘူး ... ။
အယ်ဒီတာ။ ။ ပြောပါဦး။
သတင်းထောက်။ ။ နမိုးနီးယားနဲ့ ဝမ်းရောဂါတွေ ဖြစ်နေတယ်။ ကာလဝမ်းရောဂါ အဆင့်တော့ မရောက်သေးဘူးပေါ့။ ဒါပေမယ့် ဒီပုံစံအတိုင်း ဆက်သွားရင် သေချာပေါက် ဖြစ်တော့မှာ။
အယ်ဒီတာ။ ။ မိုးရွာတာရယ်။ အမိုးအကာ မလုံလောက်တာရယ်ကြောင့် အဖျားဝင်ကြတာ ဖြစ်မယ်ထင်တယ်။
သတင်းထောက်။ ။ ကုလသမဂ္ဂကလည်း ဆန်ပဲပေးနိုင်တယ်။ ကျန်တာ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ကျန်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဒါပေမယ့် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူး။
အယ်ဒီတာ။ ။ ဒါဆို ဒုက္ခသည်တွေ ဘယ်လို ရပ်တည်နေကြလဲ။ ဘယ်သူက သူတို့ကို တိုက်ရိုက် ကူညီလဲ။
သတင်းထောက်။ ။ ဓာတ်ပုံတွေ မြင်ရင် သိလိမ့်မယ်။ ဘယ်လောက် ဆိုးလဲဆိုတာ။ ရွာတွေမှာလည်း တော်တော်ဆိုးတယ်။ ဒုက္ခသည်အားလုံး မြို့ပေါ်က ကယ်ဆယ်ရေး စခန်းတွေဆီ မရောက်နိုင်သေးဘူး။ ကယ်ဆယ်ရေးက အသက်ရှင်တဲ့သူတွေ ရှာဖွေတာ သိပ်မလုပ်တော့ဘူး။ ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်း မသိတော့ပါဘူး။ အလှူရှင်တွေက တိုက်ရိုက်လှူနိုင် တယ်။ လှူလည်း လှူကြပါတယ်။ ရန်ကုန်နဲ့ နယ်ပေါင်းစုံက လှူကြတာ။ ဒါပေမယ့် မလုံလောက်ဘူး။
အယ်ဒီတာ။ ။ တချို့သတင်းတွေမှာ UN ကဆန်ကို အာဏာပိုင်တွေက ရောင်းတယ်လို့ သိရတယ်။ အဲဒါကကော … ။
သတင်းထောက်။ ။ အဲလိုတော့လည်း မတွေ့ရပါဘူး။ လောလောဆယ် ခက်နေတာက ဒုက္ခသည်တွေကို အာဟာရဖြစ် အောင် ကျွေးဖို့လိုတယ်။ ရိက္ခာကဆန်ပဲ ပေးတာ။ ဆန်ပေးရုံနဲ့တင် မလုံလောက်ဘူး။ ဆန်ဆိုတာ အဓိက အစားအစာပေမယ့် ဆန်တခုတည်းပေးရုံနဲ့ အာဟာရမဖြစ်နိုင်ဘူးလေ။ လူတွေ အရမ်း ဒုက္ခရောက်နေတယ်။ အဝတ်အထည်လည်း မရကြဘူး။
အယ်ဒီတာ။ ။ အမိုးအကာကော လုံလောက်ရဲ့လား..။
သတင်းထောက်။ ။ မိုးတွေရွာတော့ အမိုးအကာမရှိတဲ့ နေရာတွေမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေကြတဲ့ မြင်ကွင်းက ကျနော့်ကို ဆို့နင့်ကြေကွဲစေတယ်။ တော်တော် သနားဖို့ကောင်းတယ်။ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက မေးခွန်းထုတ်ဖို့လိုပြီ။ ဘာတွေ လုပ်နေလဲ။ ဘယ်မှာလဲ အကူအညီဆိုတာ။
အယ်ဒီတာ။ ။ အစိုးရဆီမှာ အကူအညီပေးခွင့်ရဖို့ သူတို့ တောင်းဆိုနေတာပဲလေ။
သတင်းထောက်။ ။ ဆန်လေးပေးတာနဲ့ ဆေးလေး တခွက်နှစ်ခွက် ပေးတာကို အကူအညီလို့ ပြောနေတာလား။ ဘယ်လို နားလည် ရမလဲ။ ကုလသမဂ္ဂမရောက်ခင်က လူတွေ ဆန်ပြုတ် သောက်ရတယ်။ ရောက်လာတော့ အခုလူတွေ ဆန်ကြမ်း စားရတယ်။ ကလိုရင်းခတ်ထားတဲ့ ရေသောက်ရတယ်။ ဘီစကစ် တချပ် နှစ်ချပ် စားရတယ်။ အကူအညီဆိုတာ ဒါလား ခင်ဗျား။ စားရတဲ့ ဆန်ကြမ်းက မီးဒုံး ဆိုတဲ့ ဆန်ကြမ်းပါ။
အယ်ဒီတာ။ ။ မင်္ဂလာဒုံလေဆိပ်မှာ US က အထောက်အပံ့ တွေ လေယဉ် ၆ စင်းနဲ့ ရောက်နေပြီလေ။ အားလုံးက နိုင်ငံတကာ အဆင့်မီ ပစ္စည်းကိရိယာတွေချည်းပဲ။
သတင်းထောက်။ ။ အဲဒီဆန်တွေက အနီးအနားပတ်ဝန်းကျင်.. မြောင်းမြတို့ ဘာတို့က ဝယ်ခဲ့တဲ့ ဆန်ကြမ်းတွေ။ ကျနော်တော့ စိတ်တိုလွန်းလို့ အကုန်လုံးကို ထိုင်ဆဲနေခဲ့တာ။
အယ်ဒီတာ။ ။ ဥပမာအားဖြင့် စွမ်းအင်မြင့် ဘီစကစ်တွေဆို ဒုက္ခသည်တွေဆီ မရောက်ဘူးလို့ ကြားတယ်။ ကောလာဟလ သတင်းတွေ အရတော့ အာဏာပိုင်တွေက အလှူပစ္စည်းတွေကို အရင်ယူတယ်တဲ့…။
သတင်းထောက်။ ။ မုန်တိုင်းတိုက်ပြီးတာ ၁၃ ရက်ကျော်ကြာပြီဗျာ..။ သူတို့တွေ ကံဆိုးကြတယ်။
အယ်ဒီတာ။ ။ သူတို့တွေ နိုင်ငံခြားက လာတဲ့ ယာယီတဲ အပြာရောင်လေးတွေ ရတယ် မဟုတ်လား။ လှိုင်သာယာက ဓာတ်ပုံမှာ မြင်ရတယ်။
သတင်းထောက်။ ။ မြင်ခဲ့ရပါတယ်။ အလုံး ၁၀၀ လောက်။ လပွတ္တာမှာ။ အဲဒါက ဟန်ပြပါ။ တကယ်ဘယ်လိုနေရတယ် ဆိုတာ။ သေချာလေ့လာမှ သိရတာ။
အယ်ဒီတာ။ ။ ဟာ..တကယ်..။
သတင်းထောက်။ ။ သာမန်လာကြည့်ရုံနဲ့ မသိနိုင်ဘူး။ လူတွေနဲ့ စကားပြောကြည့်မှ သိလာရတာ။ ကျနော်လေ သူတို့ကို ဘယ်လိုများ ကူညီနိုင်ပါ့မလဲလို့ စဉ်းစားမိတယ်။ ပြောရင်းနဲ့ စိတ်ထိခိုက်တယ် အကိုရေ။
အယ်ဒီတာ။ ။ သိပ်တော့မမျှော်လင့်နဲ့ဗျာ။ ကျနော်တို့ ဂျာနယ်လစ်တွေဆိုတာ အမှန်ကို အမှန်အတိုင်း တင်ပြနိုင်ဖို့က ပိုအရေးကြီးတယ်။ ဒီခရီးနဲ့ ပတ်သက်လို့ အကောင်းဆုံးရေးနိုင်ရင် လုံလောက်ပါပြီ။
သတင်းထောက်။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တခုတော့ ဝန်ခံမယ်။ ကျနော့်အရေးအသားတွေမှာ ဒုက္ခသည်တွေ ဘက်က ဘက်လိုက်ရေးတာလေးတွေ ပါကောင်းပါလိမ့်မယ်ဗျာ။ ဒါဟာ ကျင့်ဝတ်ကို ချိုးဖောက်တယ် ဆိုရင်တော့ ကျနော် ဖောက်မယ်။ အခုရေးတာတွေ ဖတ်ကြည့်တာနဲ့တင် ဘယ်လောက် ဆိုးတယ်ဆိုတာ အကိုနားလည်လိမ့်မယ် ထင်ပါတယ်။
အယ်ဒီတာ။ ။ ခင်ဗျား လွတ်လွတ်လပ်လပ်သာ ရေးပါ။
သတင်းထောက်။ ။ ကျနော် စကားပြောခဲ့တဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေက ဒုက္ခသည်တွေကို အပြစ်တင်တယ်ဗျ။ ဒီဒုက္ခ သည်တွေက ဘယ်လောက်ပဲ ဆန်ပေးပေး။ လာတဲ့ သူတိုင်းကို မရဘူးပဲ ဖြေကြတယ်။ေ—ာက်ကျင့် မကောင်းတဲ့ သူတွေလို့ ပြောတယ်ဗျ။ အဲဒါ မြန်မာ ဝန်ထမ်းပါ။
အယ်ဒီတာ။ ။ တကယ်ပဲလားဗျာ။ ဆိုးလှချည်လား။
သတင်းထောက်။ ။ ပင်လယ်နား နီးလာလေ..ေ—-ာက်ကျင့် မကောင်းလေလို့ အဲဒီ ဝန်ထမ်းက ပြောတယ်ဗျ။ ကျနော်လေ လက်ကိုယားနေတာပဲ။ ထထိုးလိုက်ရင် ကောင်းမလား..။ ဒါမှမဟုတ် ဖက်ကိုက်လိုက်ရင် ကောင်းမလားဆိုပြီး စဉ်းစားသေး တယ်။ေ—ာက်သုံးမကျတဲ့ ကောင်..။
သတင်းထောက်။ ။ အဲဒီကောင်က လပွတ္တာမြို့နယ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ကွပ်ကဲ ရေးမှူးပေါ့ဗျာ။ လူတွေ ဒုက္ခရောက်နေတဲ့အချိန် သူတို့တတွေက ကားကြီးတွေနဲ့ မြို့ကိုလှည့်မှာ ကြားကြတာပေါ့ဗျာ..။
အယ်ဒီတာ။ ။ ခင်ဗျားဆောင်းပါးထဲမှာ အဲဒီအကြောင်းတွေပါ ထည့်ရေးဗျာ။
သတင်းထောက်။ ။ သူတင်မဟုတ်ဘူးဗျ။ တခြား လူတွေလည်း တသံတည်းပဲ။ ဒုက္ခသည်တွေကေ—ာက်ကျင့်မကောင်း ဘူးပေါ့။ လာတဲ့ သူတိုင်းကို ဒုက္ခသည်တွေကို ပေးမယ့် ကမ်းမယ့် သူပဲလို့ထင်လို့ အဲလိုပြောတယ် ပေါ့ဗျာ။ မိသားစုတွေ အသက်ဆုံးရှုံးပြီး အိုးအိမ်တွေ စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေ စကားကို ကျနော် ယုံကြည်ခဲ့တယ်။ သူတို့ မညာလောက်ဘူး။ သူတို့ မျက်နှာမှာ မျက်ရည်တွေ ပူဆွေးမှုတွေ ကြေကွဲထိခိုက်မှုတွေနဲ့…။
အယ်ဒီတာ။ ။ ခင်ဗျား ခံစားရတာကို ကျနော်လည်း ဝေမျှ ခံစားကြည့်လို့ ရပါတယ်ဗျာ..။
သတင်းထောက်။ ။ အဲဒီလို ခံစားနေရတဲ့ သူတွေမှာ ညာဖို့ အင်အားမရှိကြပါဘူး။ သူတို့မှာ ဆုံးရှုံးမှုတွေကို နှစ်သိမ့်ဖို့ လူတွေလိုနေပါတယ်။ ဆန်ပေးရုံ၊ သောက်ရေပေးရုံနဲ့ မလုံလောက်ဘူး ဆိုတာ မြင့်မြတ်တဲ့ အဖွဲ့အစည်းပါဆိုတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေ နားမလည်ကြဘူးလားဗျာ။ အကို နေ့လယ်စာ စားတော့မလား။
အယ်ဒီတာ။ ။ ရတယ်။ မစားသေးပါဘူး။
သတင်းထောက်။ ။ ကြုံလို့ ထပ်ပြောရဦးမယ်။ နောက် တခြား အဖွဲ့အစည်းကလူတွေက ပြောသေးတယ်ဗျ။ လှူတာတွေ ချည်းပဲ စားနေရင် ဒီလူတွေ ကြာရင် ပျင်းသွားလိမ့်မယ်တဲ့။ အဲဒီ ခွေးမသားက ကျနော့်ကို ပြောတယ်ဗျ..။ အဖွဲ့အစည်း နာမည်တော့ မမှတ်မိတော့ဘူး..။
အယ်ဒီတာ။ ။ UN ကပဲလား။
သတင်းထောက်။ ။ မဟုတ်ဘူး။ ဒေါသထွက်လွန်းလို့ မမှတ်မိတော့ဘူး။ ပြန်ကြည့်ရမယ်။ မှတ်တော့ မှတ်ထားတယ်။ အဲဒါကို ကျနော် သေသေချာချာ ရေးဦးမယ်။ ခုလောလောဆယ်တော့ ကျနော် ဖျားနေတယ်။မှတ်ချက်။ ။ ၎င်း သတင်းထောက် ရေးသားပေးပို့မည့် လပွတ္တာမှ အပြန် ဆောင်းပါးကို ဓာတ်ပုံများဖြင့် ဆက်လက်ဖော်ပြ သွားပါမည်။

No comments: