စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, May 16, 2008

ဆန္ဒခံယူပွဲမပြီးဆုံးသေးခင် မဲရလဒ် စစ်အစိုးရကြေညာ

ဆန္ဒခံယူပွဲမပြီးဆုံးသေးခင် မဲရလဒ် စစ်အစိုးရကြေညာNEJ / ၁၅ မေ ၂၀၀၈


ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးသူများက တခဲနက်အတည်ပြုကြသည်ဟု ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ မြန်မာ့အသံမှ ကြေညာချက်ကို ကိုးကား၍ အေဂျင် စီသတင်းများတွင် ဖော်ပြသည်။
ပြီးခဲ့သည့် မေလ (၁၀) ရက်က ကျင်းပခဲ့သည့် အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးသူ (၂၀,၇၈၆,၅၉၆ ) သို့မဟုတ် (၉၂. ၄) ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ပြီး (၁,၃၇၅,၄၈၀) က ကန့်ကွက်မဲပေးကာ ပယ်မဲ (၃၃၄, ၅၈၄) ရှိသည်ဟု ကော်မရှင်က ကြေညာ သည်။
မြန်မာတနိုင်ငံလုံးရှိ မြို့နယ် (၃၂၅) မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၂,၇၀၈,၄၃၄) ဦးရှိသည့် အနက် (၂၇၈) မြို့နယ်မှ (၂၂,၄၉၆,၆၆၀) ဦး သို့မဟုတ် (၉၉.၀၇) ရာခိုင်နှုန်းက မေ (၁၀) ရက်က ဆန္ဒမဲ ပေးခဲ့ကြပြီးဖြစ်သည်ဟု သတင်းတွင် ပါရှိသည်။
လေဘေးဒဏ်ခံရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ မြို့နယ် (၄၇) မြို့နယ်တို့၌ လာမည့် (၂၄) ရက်၌ ဆန္ဒခံယူပွဲ ကျင်းပရန် ကျန်ရှိနေသေးသည်။
တနိုင်ငံလုံး၌ ဆန္ဒခံယူပွဲ မပြီးစီးသေးဘဲ ယခုကဲ့သို့ မဲရလဒ် ကြေညာခြင်းသည် တရားမျှတမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
၎င်းက “သူတို့ကတော့ အတင်းရော အဓမ္မရော ဇွတ်လုပ်နေတာပါပဲ။ ဆန္ဒခံယူပွဲ စလုပ်ကတည်း က မဲရုံကအစ ဘယ်ဟာမှ သူတို့ ထုတ်ပြန်ထားတဲ့ တရားဥပဒေနဲ့ မညီပဲ လုပ်သွားတယ်။ လက် တွေ့မှာလည်း အန်ကယ်လ်တို့ရတဲ့ သတင်းတွေအရ လုံးဝ တရားမျှတမှု မရှိဘူး။ အတင်းအဓမ္မ ထောက်ခံမဲရအောင် လုပ်သွားတယ်၊ အဲဒါကြောင့် ဒီဟာနဲ့ ပတ်သက်ရင် တရားဥပဒေအရ အတည်မဖြစ်ဘူးလို့ ပြောချင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ (ဘီအယ်လ်စီ) ကလည်း ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ဥပဒေ ၁/၂၀၀၈ အခန်း (၉) အပုဒ် (၂၃) ပါ ဆန္ဒခံယူပွဲ ပြီးစီးသည့်အခါ မဲစာရင်းများကို တပေါင်းတည်း စာရင်းချုပ်၍ ကြေညာရမည်ဆိုသည့် ပြဋ္ဌာန်းထားချက်ကို ကော်မရှင်က ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။
ဘီအယ်လ်စီမှ ဥပဒေရေးရာ သုံးသပ်ရေးအဖွဲ့တာဝန်ခံ ဦးမျိုးက “ဒီလိုကြေညာတာ လုံးဝတရား မ၀င်ပါဘူး။ ဆန္ဒခံယူပွဲဆိုတာ ဆန္ဒခံယူပွဲပြီးမှ မဲစာရင်းကို အတိအကျ ကြေညာရပါတယ်။ တခု လုံးရဲ့စာရင်းကို ကြေညာရပါတယ်။ ခု (၄၇) မြို့နယ် ကျန်သေးတယ်ခင်ဗျ။ (၄၇) မြို့နယ်မှာ ဘာမှ မဲပေးပွဲ မလုပ်ရသေးဘူး။ ဘာမှ အဆင်သင့်မဖြစ်တဲ့အပေါ် မူတည်ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေအရ သူတို့ ကြောက်အား ကြောက်ကန်နဲ့ ကြေညာတယ်လို့ သဘောရပါတယ်” ဟု ပြောသည်။
မေလ (၁၀) ရက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် မတရားမှု၊ မသမာမှု၊ ဖိနှိပ်ချုပ်ချယ်မှုများဖြင့် ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲဖြစ်၍ ထိုဆန္ဒခံယူပွဲရလဒ်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာက လုံးဝ အသိအမှတ် မပြုရန်နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကော်မရှင်ကို ဖျက်သိမ်းရန်လည်း ဘီအယ်လ် စီက တောင်းဆိုသည်။
အခြေခံဥပဒေမူကြမ်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၀) ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရပါက အခြေခံဥပဒေမူကြမ်းကို အတည်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ။

No comments: