စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, June 22, 2008

ထမင်းအိုးလေး တည်ပါရစေဦး

ကြည်ဝေ ဇွန် ၂၀၊ ၂၀၀၈

သူတို့၏ ညနေစာ ထမင်းဝိုင်းတွင် ညပိုင်းအလုပ်ဆင်းရမည့် သားကြီးဖြစ်သူက လွဲလျှင်ကျန်ရှိ လူကြီး ၃ ဦးနှင့် ကလေး ၂ ဦးလုံး စုံပြီဖြစ်သဖြင့် လူစုံပြီလို့ ပြောလို့ရပေပြီ။

သူသည် ထမင်းဝိုင်းတွင် ၀င်ထိုင်လိုက်ပြီး ချဉ်ပေါင်ရွက်ကျဲကျဲခပ်ထားသော ဟင်းရည်ကို ထမင်းပေါ်သို့ ဆမ်း လိုက်သည်။ ၁၀ နှစ်အရွယ် သားက ထမင်းချည်း တလုတ် နှစ်လုတ်စားလိုက်ရင်း ဟင်းတွေကို ကြည့်သည်။ ထမင်းစားပွဲနိမ့်နိမ့်လေးတွင် ချဉ်ပေါင်ရွက် ဟင်းရည်၊ ငါးပိချက်၊ ခံတက်ရွက်စသည့် တို့စရာတို့ကို တွေ့ရ သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကလေး၂ ယောက်စလုံးသည် ငါးပိချက်နှင့်နယ်ထားသော ထမင်းကို ပလုတ်ပလောင်းစားနေကြသည်။ သူတို့ မိသားစု အဖို့ သည်လို ဟင်းမျိုးသည် အညံ့စားမဟုတ်ဟု ဆိုရမည်။ သို့ပေမယ့် ၁၀ နှစ်သားနှင့် ၆ နှစ်အရွယ် သမီးငယ်နှင့် အသက် ၇၀ အရွယ် အမေအိုတို့အတွက် အာဟာရဖြစ်စေသော အသားဟင်း တခွက်တော့ ပါသင့်သည် မဟုတ်လား။

အသားဟင်းကို နေ့စဉ် မစားနိုင်သည့်တိုင် တပတ်လျှင် နှစ်နပ်၊ သုံးနပ်လောက်တော့ ပါသင့်သည်ဟု သူ ထင်သည်။ အသားဟင်း မတတ်နိုင်သည့်အဆုံး ကြက်ဥ ကြော်လေးဖြစ်ဖြစ်တော့ တရက်ခြား တခါလောက် ပါစေ့ ချင်သည်။

သည်လိုပြောလျှင်တော့ ဇနီးသည်က ယနေ့ ကြက်ဥတလုံး ၁၅၀ ကျပ်ဈေး၊ ကြက်သား တပိဿာ ၇၀၀၀ ကျပ် ဈေး၊ ၀က်သား တပိဿာ ၈၀၀၀ ဈေး၊ အမဲသား တပိဿာ ၅၀၀၀ ဈေး၊ စတဲ့ သူ့တသက်နှင့်တကိုယ် တခါမှ မကြားဘူးသော ဈေးနှုန်းတို့ကို ရွတ်ပြနေဦးမည်။

မုန်တိုင်းပြီးစရက်တွေကတည်းက အသားဈေးကလည်းထိုးတက်သွားလိုက်သည်မှာ ကြောက်ခမန်းလိလိပင်။ မုန်တိုင်းပြီး ရက် ၄၀ ကျော်ကြာသည့်တိုင်အောင် တက်သွားသော အသားဈေးတို့သည် ပြန်မဆင်းကြတော့ပါ။

မုန်တိုင်းပြီးကတည်းက လူတွေက ငါးတွေကိုသိပ်မစားကြတော့။ တချို့ကလည်း ရန်ကုန်ငါးဈေးကွက်ကို အများဆုံးတင်ပို့ သည်မှာ ဧရာဝတီတိုင်းက ဖြစ်သဖြင့် လောလောဆယ် ငါးမစားရဲဟု ဆိုကာ ငါးမစားကြခြင်းဖြစ်သည်။ ထို့ကြောင့် ငါးအစား အသားစားနိုင်သူတွေက အသားဝယ်စားသည်။

အသားမ၀ယ်စားနိုင်သူတွေက အသီးအရွက်တွေကိုပဲ များများစားလာကြသည်။ ချဉ်ပေါင်ရွက်တောင်မှ လက်သန်းလောက် အစီးကိုတောင် တစီးကို ၅၀ ပေးဝယ်ရသည်။ ကန်စွန်းရွက်တစီးကို လက်ရှိပေါက်ဈေးက ၂၀၀ ဈေးဖြစ်နေပြီ။ အသားဈေး တွေ ခေါင်ခိုက်ကုန်တာကတော့ ပြောစရာ မရှိတော့။

ကြက်သား တပိဿာ ၅၀၀၀ ဈေးကနေ တက်သွားတာ အခု ၇၀၀၀ ဈေးကနေ ပြန်မဆင်းတော့သလို ၀က်သား ဈေး ကလည်း ယခင် ၆၀၀၀ ဈေးကနေ ယခု ၈၀၀၀ ဈေးဖြစ်နေပြီ။ အမဲသားပင်လျှင် ယခင် ၃၀၀၀ ဈေးက ယခု ၅၀၀၀ ဈေး၊ ငါးဈေးကလည်း ငါးကြင်းတဆယ်သားကို တပိဿာလျှင် ၄၀၀၀ ကျပ် ဈေး၊ သူတို့လို ဆင်းရဲသား တွေစားသည့် ငါးမြစ် ချင်းတောင် ၃၀၀၀ ဈေးကနေ ပြန်မဆင်းတော့၊ စားဖားတွေ ပေါ်ချိန်မို့ ဖားသားများ စား နိုင် မလားအောက်မေ့သည် ဖားသားတောင် တပိဿာကို ၃၀၀၀ ဈေးရှိနေပြီ။

ရန်ကုန်တိုင်း၊ အသားဈေးကွက်အတွင်းသို့ ဧရာဝတီတိုင်း၊ မုန်တိုင်းသင့်ဒေသများမှ ကြက်အ၀င်လျော့ကြခဲ့သလို၊ အမဲသား အ၀င်လျော့ခဲ့သောကြောင့် အသားလိုအပ်ချက် မြင့်မားလာပြီး ဈေးတက်ရခြင်းဖြစ်သည်။ ယခင် ဧရာဝတီတိုင်းမှ အသား တင်ပို့မှုထက် တ၀က်နီးပါး ကျသွားရသည့်အတွက် တခြားဧရာဝတီတိုင်းမုန်တိုင်းလွတ် ဒေသများနှင့် ပဲခူးတိုင်းတို့မှ အသားများကို ပုံမှန်ပို့နေကြတဲ့ ၁ ဆခွဲ ပိုမှာ ယူနေရကြောင်း သိရှိရသည်။

ရန်ကုန်မြို့ အသားငါး ဈေးကွက်အတွင်းသို့ တနေ့အတွက် ပုံမှန်အသားတင်ပို့မှုမှာ ကြက်သား ပိဿာချိန် ပေါင်း ၅ သောင်း ကနေ ၆ သောင်းကြား၊ ၀က်သား ပိဿာချိန်ပေါင်း ၅ သောင်း၊ အမဲသား ပိဿာချိန် ပေါင်း ၆ သောင်း မှ ၈ သောင်းကြား၊ ငါး စုစုပေါင်း ပိဿာချိန် ၁ သိန်းနှင့် ၁ သိန်း ၂ သောင်းကြားတွင် ပုံမှန် ၀င်ရောက်ခဲ့ကြောင်း သူ မှတ်သားခဲ့ဖူးသည်။

လက်ရှိ ကျောင်းဖွင့်ရာသီတွင် နှစ်စဉ်အသားဈေးများကျလက်ရှိသော်လည်း ယခုတွင်မူ အသားဈေးမှာ ကျရိပ်မရှိဘဲ ဆက်တက်ဖွယ်ရှိကြောင်း အသားထုတ်လုပ်သူများက ခန့်မှန်းကြသည်။

အသားထုတ်လုပ်မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူ တဦးက “ မုန်တိုင်းဖြစ်စတုန်းကတော့ အသားထုတ်လုပ်မှုတွေ ကျသွား တယ်။ အခု အသားထုတ်လုပ်မှုက နည်းနည်းပိုတိုး လာတယ်ဆိုပေမယ့် အရင်အားကိုတော့ ပြန်မမီနိုင်တော့ဘူး၊ ရှေ့ဆက် ရဖို့လည်း အခက်အခဲ ရှိနေတော့ အသားဈေးကပြန်ကျဖို့ခက်ဦးမှာ”ဟု ပြောပြသည်။

သည်လိုသာဆိုလျှင် သူတို့လို မိသားစုတွေအဖို့ အသားတောင်မှ စားနိုင်ပါဦးမည်လား မသိ။ သူတို့ထက် ပိုဆိုးသော တလ ၀င်ငွေ ၁ သိန်းအောက်ရှိသော ၀င်ငွေနည်းမိသားစုများ၊ တနေ့လုပ်တနေ့စား မိသားစုများ အတွက်ကတော့ အသားမပြော နှင့် ထမင်းကို ဆားဖြူးပြီးတော့ စားနိုင်သည့် အခြေအနေတောင် ရှိနိုင်ပါတော့ မလားဟု တွေးမိကာ သူ သက်ပြင်းချမိပြန် သည်။

နာဂစ်မုန်တိုင်းပြီးကတည်းက တက်လာခဲ့သော ကုန်ဈေးနှုန်းသည် မုန်တိုင်းပြီး ၄၄ ရက်ကြာသည်အထိ ပြန်ဆင်းသွားခြင်း မရှိတော့ပေ။ ဆန်ဈေး ဆီဈေးသာမက ကြက်သွန်၊ အားလူး စသည့် မီးဖိုဆောင် စားသောက်ဖွယ်ရာ တချို့လည်း ဈေးတက်သည်။ နောက်ဆုံး ဆားတောင်မှ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆား လုပ်ငန်းများ ပျက်စီးသွားသောကြောင့်ဟု ဆိုကာ တဆယ်သားကို ၁၅၀ ကျပ်ဈေး ပေါက်နေတုန်းဖြစ်သည်။

တချို့လက်လီဆိုင်တွေမှာ တပိဿာ ၁၂၀၀ ကျပ်ဈေးနဲ့ ရောင်းချနေတာကို တွေ့မြင်ရသည်။ မုန်တိုင်း မတိုင်မီတုန်းက တော့ ဆားတပိဿာပေါက်ဈေးဟာ ၄၅၀ ကျပ်ဈေးရှိခဲ့သည်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်အတွင်းက ဆားကွင်းတွေ နဲ့ ဆားချက်စက်ရုံများ၊ ဂိုထောင်များ ပျက်စီးခဲ့ရတဲ့အတွက် ဆားဈေးတွေ ရုတ်တရက် ခုန်တက်သွားရခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် ဆားကွင်း စုစုပေါင်း ၂၄၄၃၁ ဧက ပျက်စီးခဲ့ကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်ကို သူဖတ်ခဲ့ရသည်။

ပြီးတော့ သူ့မိတ်ဆွေ အင်းစိန်မှ ဆားစက်လုပ်ငန်းရှင်တဦးကလည်း“ဧရာဝတီတိုင်းက ဆားအထွက်ကျမှာ ဆိုတော့ ဆားဈေးတွေက အရင်ဈေးတော့ ပြန်ရ နိုင်တော့မှာ မဟုတ်ဘူး” ဟု သူ့ကို ပြောပြခဲ့သည်။

ဆေးတင်သွင်းဖြန့်ချိသော ကုမ္ပဏီတခုမှ အရောင်းဝန်ထမ်းတဦးဖြစ်သော သူ၏ တလ၀င်ငွေ ၆ သောင်း၊ စက်မှု ၁ ၀န်ကြီး ဋ္ဌာနမှ အထက်တန်းစာရေးတဦးဖြစ်သော ဇနီးသည်၏ ၀င်ငွေ ၃ သောင်း၊ လှိုင်သာယာစက်မှုဇုန်မှ ခေါက်ဆွဲစက်ရုံတွင် အလုပ်လုပ်သော သား၏ ၀င်ငွေ ၅ သောင်းတို့ကို ပေါင်းစပ်ပြီးမှ သူတို့မိသားစု ထမင်းနပ်မှန် ရုံ စားနေရခြင်းဖြစ်သည်။

သို့သော် ဆန်ကောင်းမစားနိုင်၊ ဇီယာဆန်ကိုပင် အလေအလွင့်မရှိအောင် ချွေတာပြီးစားနေရသည်။ ခုလို ဆန် ဈေးတက် နေသော ကာလမှာ သူတို့သည် တအိတ်လျှင် ကျပ် ၂၂၀၀၀ ဈေးပေါက်နေသော ဇီယာဆန် မစားနိုင် တော့။ ဇနီးသည်က မိုးစိုထားသော ဆန်ဝါတွေကို တအိတ် ၁၃၀၀၀ နှင့်ရ၍၀ယ်လာသည့် ဆန်စားကြသည်။

ဆန်ကို မိုးမိထားသဖြင့် အကျိုးအကြေများသည်၊ အနံ့ကလည်း မကောင်း အောက်သိုးသိုးအနံ့ထွက်နေသည်။ ချက်တော့ လည်း ခပ်ထွေးထွေးနှင့် ပျော့ချင်ချင်၊ အရောင်အဆင်းပင်လျှင် ၀ါကျင့်ကျင့်နှင့်မလှမပ၊ ဒါကိုပင် သူရော ကလေးလူကြီးပါ မကျန် သည်းခံပြီး စားနေကြရသည်။

သူတို့ဘ၀မှာ ရွေးချယ်ခွင့်နည်းသော ဘ၀အဖြစ် စိတ်ပျက်မိတိုင်း သူ့ဘေးပတ်ဝန်းကျင်က လူတွေကို ပြန်ပြန် ကြည့်မိ သည်။ သူတို့ဘ၀များသည်လည်း ထူးမခြားနား၊ သူတို့ မိသားစုလိုပင် မိုးရေစို ဆန်ဝါတွေကို ချက်စားနေ ကြသည်။ သူတို့ထက် ၀င်ငွေ ပိုနည်းသော မိသားစုများအနေနှင့် ဆန်ပြုတ်စားနေကြသည်ဆိုတာကို သူ့အနေနှင့် မယုံကြည်နိုင်စရာ အကြောင်းမရှိတော့ပေ။

မုန်းတိုင်းကြောင့် မိုးရေစိုသည့် ဆန်ဝါတွေကို တပြည် ကျပ် ၅၀၀ နှုန်းနဲ့ ဈေးထဲမှာ ချရောင်းနေကြသည်ဟု ကြားကတည်း က သူ့ဇနီးက လစာထုတ်ရက်လည်းဖြစ်သဖြင့် ဆန် ၁ အိတ်ပြေးဝယ်ခဲ့သည်။

“အရင်တုန်းကတော့ ရေစိုဆန် ဆိုတာမစားဖူးပါဘူး၊ အိမ်နားက ရေစိုဆန်ဝယ်စားကြည့်တဲ့သူတွေကလည်း စားလို့ဖြစ်တယ် တဲ့။ သိတဲ့အတိုင်း ဆန်ဈေးကလည်း တက်နေတော့ ဒီဆန်က ဈေးသက်သာလို့ ၀ယ်စားကြ တာ”ဟု သူက ပြောသည်။

သူတို့ရဲ့ အိမ်နီးချင်းမိတ်ဆွေတွေကတော့ ဈေးနှုန်းသက်သာလှတဲ့ ရေစိုဆန်ဝါတွေကိုပဲ စားနေကြတာ နှစ်ပတ်လောက် ရှိပြီဖြစ်ပေမယ့် သူ့အနေနဲ့ကတော့ ခုလို ရေစို ဆန်စားတဲ့အတွက် ကျန်းမာရေးကိုများ ထိခိုက်နိုင်မလား လို့ တွေးဆမိ သေးသည်။

နောက်တော့ သူတို့စားနေကြဇီယာဆန် တအိတ်က ငွေ ၂၃၀၀၀ ကျပ်ဈေးဖြစ်ပြီး ထိုမိုးရေစို ဆန်က တအိတ် ၁၂၀၀၀ ဈေးဆိုတော့ ငွေ တသောင်းတထောင် တိတိကွာနေသဖြင့် ၀ယ်စားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သူက ပြောပြသည်။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းမှ မုန်တိုင်းမိ ရေစို ဆန်ဝါများ ရန်ကုန်ဈေးကွက်အတွင်းရောက်လာပြီး ကတည်းက ရန်ကုန်မှ အခြေခံလူတန်းစားများအနေနဲ့ အဆိုပါ ဆန်များကိုသာ ၀ယ်ယူစားသုံးလာကြတဲ့ အတွက် အရောင်းသွက်လျက်ရှိ ကြောင်း ရန်ကုန် ဆန်ဈေးကွက်မှ စုံစမ်းသိရှိရသည်။

အဆိုပါဆန်များသည် မုန်တိုင်းကြောင့် မိုးရေစို ကျန်ခဲ့သော ဆန်များကိုနေပူပြန်လှန်းပြီး မခြောက်တခြောက် အနေအထား မှာ ရန်ကုန် ဈေးကွက်ထဲသို့ တင်ပို့ရောင်းချလာကြသော ဆန်များဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေစိုဆန်များ စားသုံးကြသူများအနေနှင့် ကျန်းမာရေး ထိခိုက်နိုင်ခြင်း ရှိမရှိကိုတော့ ဆန်ကို သုတေသန ပြုလုပ်ခြင်း မရှိသေးသည့်အတွက် မပြောနိုင်သေးကြောင်း ရန်ကုန်မြို့မှ အထွေထွေရောဂါကု သမားတော်တဦးက ပြောဆိုသည်။

ရန်ကုန် ဘုရင့်နောင်ပွဲရုံတန်းဆန်ပွဲရုံမှ ဆန်ကုန်သည်တဦးကလည်း ဆန်ဈေးကွက်အတွင်းမှာ ရေစိုဆန်ဝါ တမျိုးတည်းသာ အရောင်းအ၀ယ်လိုက်နေပြီး တခြား ဆန်ကြမ်းနဲ့ ဆန်ချောတွေ အရောင်းပါးနေကြောင်း ပြောသည်။

မုန်တိုင်းပြီးစ ရက်တွေမှာ ငွေကြေးတတ်နိုင်သူတွေက ဆန်အိတ်တွေကို ၀ယ်ပြီး သိမ်းလာကြတဲ့အတွက် ဆန်ဈေးမြင့်တက် ခဲ့ရသလို ထိုအချိန်က အရောင်းလည်း သွက်ခဲ့ကြောင်း အဆိုပါ ကုန်သည်က ပြောပြသည်။

ယခုလို မုန်တိုင်းပြီး ရက် ၄၀ ကျော်အချိန်မှာတော့ ပွဲရုံတွေမှာ ဆန်အ၀ယ် သိသိသာသာ ပါးသွားပါပြီ။ ငွေကြေး တတ်နိုင် သူများသာစားသုံးတဲ့ ဆန်ချောတွေက ဈေးအနည်းငယ် ပြန်ကျပေမယ့် မုန်တိုင်းမတိုင်မီဈေးနှုန်း ထက် တော့ တအိတ်ကို ငွေ ၂ သောင်းကျော်လောက်ထိ မြင့်နေဆဲဖြစ်ကြောင်း၊ ယခင်က ပေါ်ဆန်းရှယ်တအိတ်ကို ကျပ် ၂၈၅၀၀ ဈေးရှိပြီး မုန်တိုင်း ပြီးစကာလမှာ ကျပ် ၅၀၀၀၀ ထိဈေးမြင့်ခဲ့ကာ ယခုအခါ တအိတ်ကို ကျပ် ၄၅၀၀၀ ဈေးရှိနေကြောင်း သိရှိရသည်။ ဆန်ချော များ ဈေးမြင့်နေပေမယ့် ဈေးကွက်အတွင်း အရောင်းအ၀ယ်က တော့ ပါးလျက်ရှိကြောင်း သိရသည်။

မုန်တိုင်းကာလမှာ အ၀ယ်လိုက်တဲ့ ဇီယာဆန်ကြမ်းတအိတ်ကို ကျပ် ၂၈၀၀၀ ဈေးထိပေါက်ခဲ့ပေမယ့် ယခုအခါ ၂၀၀၀၀ ကျပ် ဈေးထိ ပြန်ကျလာတာတွေ့မြင်ရသည်။ ဆန်ကြမ်းဈေးကွက်အနေအထားမှာ ယခင် ဆန်ကြမ်း သိုလှောင်သူများ အနေနဲ့ ယခုအခါ ငွေပေါ်လိုပြီဖြစ်တဲ့အတွက် လှောင်ထားတဲ့ ဆန်တွေကို ရရာဈေးနဲ့ ပြန်ရောင်း လာကြတဲ့အတွက် ဆန်ကြမ်းဈေးကျသွားခြင်းဖြစ်ကြောင်း၊ ဈေးကွက်တွင်းမှာ ဆန်ကြမ်းများ ဈေးကျလာပေမယ့် အ၀ယ်ပါးနေကြောင်း ဘုရင့်နောင်မှ ဆန်ကုန်သည်တဦး၏ ပြောပြချက်အရ သိရသည်။

“အရင်ဆန်ချော ပေါ်ဆန်း စားတဲ့သူတွေက တဆင့်ဆင်းပြီး ပေါ်ကျွဲလောက် စားလာကြတယ်၊ အရင် ပေါ်ကျွဲစားတဲ့ သူတွေက ဇီယာလောက်စားကြတယ် အဲဒီလိုပေါ့ တဆင့်ဆင့် ဆင်းပြီး စားကြတော့ အရောင်းရဆုံးက အောက်ဆုံးက ဆန်ဖြစ်နေတော့တာပဲ” ဟု ရန်ကုန်မြို့ ကမ်းနားလမ်းမှ ဆန်ကုန်သည်တဦးက ပြောပြသည်။

မုန်တိုင်းသင့်သူများကို ဆန်ဝယ်လှူသူများကလည်း တအိတ်ကို ကျပ် ၁၁၀၀၀ ကနေ ကျပ် ၁၅၀၀၀ ဈေးရှိတဲ့ ဧည့်မထ အမှတ် ၂၅ ဆန်နဲ့ ရေစို ဆန်ဝါတွေကို အများဆုံး ၀ယ်လှူနေကြတဲ့အတွက် အဆိုပါ ဆန်တွေကပဲ ဈေးကွက်မှာ အရောင်းသွက် နေခြင်းဖြစ်သည်။

ရန်ကုန်ဈေးကွက်အတွင်း ဆန်အ၀င် သိသိသာသာ နည်းသွားပြီဖြစ်ကြောင်း၊ ယခင်ကထက် ဆန်တ၀က် ကျော်ကျော် အ၀င်ကျသွားကြောင်း၊ ယခင်က တနေ့လျှင် ဆန်အိတ်ပေါင်း အနည်းဆုံးခြောက်သောင်းမှ ရှစ်သောင်းထိ အ၀င်ရှိခဲ့သော် လည်း ယခုအခါ ရန်ကုန်ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်သည့် ဆန်အိတ် လေးသောင်း ပြည့်မီ ရေးအတွက်ကို မနည်း ကြိုးပမ်းနေကြရကြောင်း ဆန်ကုန်သည်များဆီကနေ ကြားသိရသည်။

ရန်ကုန်ဈေးကွက်အတွင်း တနေ့လိုအပ်ချက်ဖြစ်တဲ့ ဆန်အိတ်ပေါင်း ၄၀၀၀၀ လေးသောင်းကို ပုံမှန်ဝင်စေဖို့ အတွက် ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ဧရာဝတီတိုင်းမှ မုန်တိုင်းလွတ်ဒေသများက ဆန်တွေကို မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်များအသင်းက လိုက်လံ စုဆောင်း ကောက်ယူပေး နေရကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ အဆင့်မြင့် အရာရှိတဦးက ပြောဆိုသည်။

ယခင် ရန်ကုန်ဈေးကွက်တွင်းသို့ ဧရာဝတီတိုင်းမှ ဆန်အိတ်စုစုပေါင်းပမာဏ၏ ၇၈ ရာခိုင်နှုန်း ကို တင်ပို့ပေးခဲ့ ခြင်းဖြစ်ပြီး ယခုအခါ တွင်မူ ၃၅ ရာခိုင်နှုန်း ခန့်သာ တင်ပို့နိုင်တော့ကြောင်း သိရှိရသည်။

ဆန်ဈေးနှုန်းများအနေနှင့် လာမည့် ဇူလိုင်၊ သြဂုတ်လများတွင် ယခုထက်ပိုပြီးမြင့်မားနိုင်ကြောင်း ရန်ကုန် ကုန်စည်ဒိုင်မှ ဆန်ကုန်သည်ကြီးများက ခန့်မှန်းကြသည်။

“လောလောဆယ်မှာတော့ အိတ်စပို့ပါမစ်တွေ ကိစ္စ ဘာသံမှ မကြားရသေးဘူး၊ ခုအခြေအနေနဲ့ အိတ်စပို့သာ ပို့လို့ကတော့ လူတွေ ခုထက်ပိုပြီးခက်ခဲမှာပဲ”ဟု ကုန်စည်ဒိုင်မှ ဆန်ကုန်သည်တဦးက ဆိုသည်။

၂၀၀၇ ခုနှစ်မှာ စပါးတန်ချိန် ၃၀ .၀၂ သန်းထွက်ခဲ့ပြီး ၁၈.၉ သန်း ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြောင်း အစိုးရ တရားဝင် စာရင်းများရ သိရှိရသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးမှုမှာ ၁ နှစ်အတွက် ၁၇ သန်းကျော်လိုအပ်လျက်ရှိပြီး လူတဦး စားသုံးမှုဟာ ၂၃၄ ကီလိုဂရမ် ရှိကြောင်း ၊မုန်တိုင်းကြောင့် စပါးစိုက်ဧက ၂.၄၃ သန်းပျက်စီးခဲ့ကြောင်း၊ ဧရာဝတီတိုင်းမှ ၁.၅၉ သန်း ရန်ကုန်တိုင်းမှ ၀.၈၄ သန်းပျက်စီးခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှ တရားဝင်စာရင်း အရ သိရှိရသည်။

လယ်ယာစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ကျွဲ၊နွားပေါင်း တသိန်းငါးသောင်းကျော် သေဆုံးခဲ့ပြီး ဧရာဝတီတိုင်းမှ ၁၄၉၀၀၀ ကောင် နှင့် ရန်ကုန်တိုင်းမှ ၆၀၀၀ သေဆုံးကြောင်း အစိုးရ စာရင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

အစိုးရအနေနှင့်ရေငန်လွှမ်းသွားသော လယ်ဧက တချို့ကို အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း အစိုးရပိုင် သတင်းစာများနှင့် အစိုးရပိုင် ရုပ်မြင်သံကြားတို့ကနေ ထုတ်လွှင့်နေသည်ကို တွေ့မြင်ရ သော်လည်း လေဘေးသင့် ဒေသ များကို သွားရောက်ခဲ့သည့် ကျွမ်းကျင်သူ အများစုက ယခုနှစ်အချိန်မီစပါး စိုက်ပျိုး နိုင်ရန်မှာ၂၀ ရာခိုင်နှုန်းသာ ဖြစ်နိုင်ချေရှိ ကြောင်း သုံးသပ်ဝေဖန်ကြသည်။


ဤသို့ဆိုလျှင် ဆန်တပြည်ကို ဘယ်မျှပေါက်ဈေးနှင့် ၀ယ်စားရဦးမည်နည်း။ ထမင်းကော နပ်မှန်အောင် စားနိုင်ကြ ပါဦးမည် လား။ သူတို့လို ပြည်သူတွေ အတွက်က သန်းခေါင်ထက်ပိုပြီး ညဥ့်မနက်တော့သည်လား … ။ ။
Rest of your post

No comments: