ကျနော်တို့ အမျိုးသားရေးလုပ်တယ်
·         ကိုယ့်ထမင်းဖိုးထဲက ငွေကိုထုတ် 
ငုတ်တုတ်အိပ်နေသူ တွေကိုလိုက်နှိုး 
လူအမျိုးမျိုး စိတ်အထွေထွေ 
သူခိုး ယိုးခံရတဲ့ အခါတွေတောင်ရှိတယ် 
ဒါပေမဲ့ ………………….. 
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။ 
  
·         ရမ်ဘိုကို ဂုဏ်ပြုဖို့ 
လွတ်လပ်ရေး သူရဲကောင်းတွေကိုဂုဏ်ပြုဖို့ 
ရုပ်ရှင်ရုံကို လေလံဆွဲ 
ပင်နီဆူလာ ထဲလက်မှတ်ရောင်းတော့ 
မင်းတို့ဟာက ဈေးရင်းအတိုင်း ဟုတ်လို့လားတဲ့.. 
ဒါပေမဲ့……………………….. 
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။ 
  
·         သံဃာတွေ ခွေးဆွဲတော့ 
ကပ်ပေါက်ထဲက ကြောက်ကြောက်နဲ့ချောင်းကြည့် 
ကဲကြည့်….. ဒီဘုန်းကြီး နဲ့ ဒီလူတွေ 
ကိုယ့်ထမင်းကို အေးအေးစားနေတာ မဟုတ်ဘူးတဲ့ 
ဒါပေမဲ့…………………………….. 
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။ 
  
·         မိန်းမက ပီအာ 
ယောင်္ကျားက စီတီဇင် 
ဒီမိုကရေစီရရင် ရွှာပြန်ချင်သတဲ့ 
အိပ်မွှေ့ချခံထားရတဲ့ မင်းလောင်းကို အိပ်ရင်းနဲ့ထိုင်စောင့်ကြ 
ဒါပေမဲ့……………………………. 
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။ 
  
·         မဖမ်းမိသေးတော့ တောလား ၊ လျှိုလား 
ဖမ်းမိတော့ အင်းစိန်လား ၊ အိုးဘိုလား 
သေသွားမလား ၊ မသေမရှင်လား 
တို့သေသွားရင်တောင် 
တို့မသာကိုလိုက်မပို့ရဲတဲ့ 
တို့ ချစ်သူကြီးတွေရှိတယ် 
ဒါပေမဲ့…………………………. 
ကျနော်တို့ အမျိုးသားရေးလုပ်တယ် 
  
·         လွတ်လပ်ရေးဟာ တန်ဖိုးကြီးတယ် 
ကိုယ့်နံရိုးကို ဆွဲထုတ် 
ပုလွေလိုလည်း မှုတ်ရဲမှ 
ဘီလူးစောင့်တဲ့ ညောင်ပင် 
ဓားထမ်းပြီးလည်း ၀င်ရဲမှ 
  
·         ငါတို့လက်ဖျံရိုးတွေ ကိုစီး 
ငါတို့ အကြောတွေနဲ့သီပြီး 
ပြည်တော်ဝင်သီချင်းတီးခတ်နိုင်ဖို့ 
ကျနော်တို့ အမျိုးသားရေးဆက်လုပ်မယ် ။ 
ဇင်ဝေသော်
 
http://www.aoab.org/ မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment